နေပြည်တော် – မေ(၉)
အာဏာသိမ်းစစ်ကောင်စီက လက်နက်ခဲယမ်း ယူလာပြီး သူတို့ဆီပြန်လာသူတွေကို အနည်းဆုံး ကျပ်(၂)သိန်းကနေ အများဆုံးကျပ်(၇၅) သိန်းကျပ်အထိ ဆုကြေးငွေ ပေးအပ်သွားမယ်လို့ ဒီနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်လာပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် PDF အပါအဝင် အကြမ်းဖက်အဖွဲ့တွေထဲကို ရောက်ရှိနေသူတွေ၊ ဥပဒေ ပြင်ပက အဖွဲ့အစည်းအတွင်း ရောက်ရှိနေသူတွေအနေနဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင်နိုင်ဖို့အတွက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ဖို့ ဖိတ်ခေါ်တယ်လို့ ဆိုထားတာပါ။
ပြန်လည်ဝင်ရောက်လာသူတွေအနေနဲ့ လူသတ်မှု၊မုဒိမ်းမှု၊လူတစ်ပါးအပေါ် ထိခိုက်နစ်နာစေမှု စတဲ့ ပြစ်မှု တခုခုကျူးလွန်ထားသူတွေဖြစ်ပါက ဥပဒေအရ တရားရုံးမှာ အမှုရင်ဆိုင်ဖြေရှင်ရမှာဖြစ် တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲဒီလို အမှုရင်ဆိုင်ဖြေရှင်းသူတွေကို စစ်ကောင်စီက ပြစ်မှုပြစ်ဒဏ်အပေါ်မူတည်ပြီး ဥပဒေအရ လိုအပ်တဲ့ ဖြေလျှော့မှုတွေကို ပြုလုပ်ပေးသွားမှာဖြစ်သလို လိုအပ်တဲ့ ကူညီမှုတွေကိုလည်း ဆောင် ရွက်ပေးသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီရဲ့ လုပ်ဆောင်မှုဟာ အမျိုးသားညီညွတ်ရေးအစိုးရ လုပ်ဆောင်ခဲ့တဲ့ ပုံစံကို ခိုးချ တာဖြစ်သလို စစ်အုပ်စုရဲ့ ပြောဆိုတာတွေဟာ ယုံကြည်စရာမရှိဘူးလို့ CDM ဗိုလ်ကြီးတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
စစ်ကောင်စီလက်အောက်ကို ပြန်လည်ဝင်ရောက်လာသူတွေအနေနဲ့ နီးစပ်ရာ ခရိုင်၊မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့တွေ၊ တပ်စခန်းတွေနဲ့ ရဲစခန်းတွေကို ဆက်သွယ်သတင်းပို့ကြဖို့ ဖိတ်ခေါ်ထား ပါတယ်။
ဝါဒဖြန့် မီဒီယာတွေမှာ စစ်ကောင်စီထံ လာရောက်ခိုလှုံတာတွေ ရှိနေတယ်လို့ မကြာခဏဖော်ပြတာ တွေရှိနေပေမယ့် မြေပြင်မှာ တကယ်လှုပ်ရှားနေတာမရှိတဲ့အဖွဲ့အစည်းတွေနဲ့ ပျူစောထီးတွေကို အသုံးပြုပြီး ပြည်သူတွေကို လိမ်လည်နေတာဖြစ်တယ်လို့ ဝေဖန်တာတွေလည်း ရှိနေပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ ဆုကြေးငွေပေးအပ်မယ်ဆိုတဲ့ လက်နက်ခဲယမ်းတွေမှာ ရိုင်ဖယ်အုပ်စုဝင် သေနတ်(၁)လက်ပါရှိရင် ကျပ်သိန်း(၅၀)၊ပစ္စတိုအုပ်စုဝင်သေနတ်(၁)လက်ပါရှိရင် ကျပ်သိန်း(၂၀)၊ ပြောင်းချောသေနတ်(၁)လက်ပါရှိရင် ကျပ်သိန်း(၃၀) ၊ စိန်ပြောင်း၊လောင်ချာ၊အာပီဂျီလို လက်နက် တွေပါရှိရင် (၇၅) သိန်း၊ လက်လုပ်ပြောင်းချောသေနတ်၊ လက်လုပ်စိန်ပြောင်း၊လက်လုပ်သေနတ် (၁) လက်ပါရှိရင်(၅) သိန်း၊ လက်လုပ်မိုင်း၊ လက်ပစ်ဗုံးတွေပါရှိရင် (၃) သိန်း၊ လက်နက်/ခဲယမ်း မှ အပ တခြားအသုံးအဆောင်ပစ္စည်း(ဥပမာ-စကားပြောစက်) ပါရှိရင်ကျပ်(၂)သိန်း နဲ့ ဗုံးဖောက်ခွဲရေး အတွက် အသုံးပြုနိုင်တဲ့ Drone(၁)စင်းပါရှိရင် ကျပ်သိန်း(၅၀) ပေးအပ်သွားမယ်လို့ ဖော်ပြထားပါ တယ်။
သတင်း – သံလွင်တိုင်းမ် ဓာတ်ပုံ – စစ်ကောင်စီ