တက္ကဆက် – မေ(၁၁)
အမေရိကန်ပြည်ထောင်စု၊ တက္ကဆက်ပြည်နယ် ဒဲလ်လက်စ်ဒေသက စျေးဝယ်စင်တာတစ်ခုမှာ လူရှစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ သေနတ်သမားဟာ နာဇီလက်သစ်အယူအဆကို အားပေး ထောက်ခံသူဖြစ်တယ်လို့ ဒေသတွင်းအာဏာပိုင်တွေက ပြောပါတယ်။
အသက်(၃၃) နှစ်အရွယ် သေနတ်သမား မာရီဆီယို ဂါစီယာဟာ တက္ကဆက်ပြည်နယ် အယ်လန်ရှိ လူစည်ကားတဲ့ Allen Premium Outlets ကုန်တိုက်မှာ AR-15 ရိုက်ဖဘ်သေနတ်နဲ့ ပစ်ခတ်ခဲ့တာ ပါ။
အာဏာပိုင်တွေက သေနတ်သမားရဲ့ နောက်ခံအကြောင်းအရာအသေးစိတ်ကို ဖော်ပြထားပြီး သူဟာ လွန်ခဲ့တဲ့ (၁၅) နှစ်က အမေရိကန်စစ်တပ်အခြေခံလေ့ကျင့်ရေးကနေ ကျောင်းဆင်းပြီး ပုဂ္ဂလိက လုံခြုံရေးအစောင့်အဖြစ် လုပ်ကိုင်ဖူးသလို စိတ်ရောဂါ ခံစားနေရသူဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးလေးမိနစ်ခန့်အကြာမှာ ရဲအရာရှိတစ်ဦးက ဂါစီယာကို လျင်မြန်စွာတုံ့ပြန်ခဲ့ကာ သေနတ်နဲ့ ပစ်သတ်လိုက်တာကြောင့် အသက်ပေါင်းများစွာကို ကယ်ဆယ်နိုင်ခဲ့တာဖြစ်တယ်လို့ တက္ကဆက် ပြည်နယ် ပြည်သူ့ဘေးကင်းရေးဌာန ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဟန့်ဆစ်ဘလီက ပြောပါ တယ်။
တိုက်ခိုက်မှုအတွင်း သေဆုံးသူ (၈) ဦးမှာ ကလေး(၃) ဦးနဲ့ မိဘတွေ သေဆုံးခဲ့ကာ (၃) နှစ်အရွယ် ကလေးငယ်တစ်ဦးအပြင် အသက်(၅) နှစ်ကနေ (၆၁) နှစ်ကြား လူ(၁၀) ဦးလောက် ဒဏ်ရာရရှိခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
သေနတ်သမားဆီမှာ လက်နက်အပါအဝင် သေနတ်(၃) လက်နဲ့ တခြား သေနတ်(၅) လက်ကို သူ့ရဲ့ ကားပေါ်မှာ သိမ်းဆည်းရမိထားပြီး သူဟာ သေနတ်(၈) လက်လုံးကို တရားဝင်ရရှိခဲ့တာ ဖြစ်တယ်လို့ ဆစ်ဘလီက ဆိုပါတယ်။
“အခု ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ကြီးမားတဲ့ မေးခွန်းကတော့ သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ၊ သူ ဘာကြောင့် ဒီလို လုပ်ခဲ့တာလဲ ဆိုတာ ကျွန်တော်တို့ မသိပါဘူး” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပြီး စုံစမ်းစစ်ဆေးသူတွေကလည်း အခုလုပ်ရပ်ကို ဂါစီယာတစ်ဦးတည်းကသာ လုပ် ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
သေနတ်သမားရဲ့ အသုံးအဆောင်နဲ့ တက်တူးတွေအပါအဝင် စစ်ဆေးသူတွေသုံးသပ်ထားချက် တွေအရ သူဟာ နာဇီလက်သစ် အယူအဆရှိတယ်လို့ ဆိုထားပြီး ပစ်ခတ်မှုဟာ ပြည်တွင်း အကြမ်းဖက်မှုလို့ ယူဆနိုင်မလားဆိုတာကို ပြောဖို့ စောလွန်းသေးတယ်လို့ ဆစ်ဘလီက ဆိုပါ တယ်။
“ကျွန်တော့်အတွက်ကတော့ သူက သီးခြားလူတစ်စုတစ်ဖွဲ့ထက် တည်နေရာကို ပစ်မှတ်ထားပုံ ရတယ်၊ သူပစ်သတ်ခဲ့တဲ့ လူတွေထဲမှာ ကြုံရာကျပန်းဖြစ်ခဲ့တယ်။ အသက်အရွယ်၊ လူမျိုး၊ လိင် စတာတွေမဟုတ်ဘူး။ လူတွေကို သေနတ်နဲ့ပစ်တာ ကြောက်စရာကောင်းတယ်” လို့ ဆစ်ဘလီ ကပြောပါသေးတယ်။
အာဏာပိုင်တွေက သေနတ်သမားရဲ့ နာဇီလက်သစ်အားပေးထောက်ခံမှု သဘောသဘာဝနဲ့ ပတ်သက်ပြီး အနည်းငယ်သော အသေးစိတ်အချက်အလက်တွေကိုသာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါ တယ်။
သေနတ်သမားဟာ လူဖြူ-မြင့်မြတ်သောဝါဒ၊ဟစ်တလာကို ချီးမွမ်းတာနဲ့ လူမျိုးရေးအရ လူနည်းစုတွေနဲ့ အမျိုးသမီးတွေကို ရှုတ်ချတဲ့ လူမှုမီဒီယာ ပရိုဖိုင်တစ်ခုကို အရင်က သုံးစွဲ ထားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။
ပစ်ခတ်မှုဖြစ်ပွားချိန်မှာ ဂါစီယာဟာ Proud Boys အပါအဝင် လူဖြူ အကြမ်းဖက်လက်ယာ အစွန်းရောက်တွေနဲ့ ဆက်နွယ်နေတဲ့ အမှတ်အသားဖြစ်တဲ့ “RWDS” တံဆိပ်ပါတဲ့ အဝတ် အစား ကို ဝတ်ဆင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Ref: Reuters