ရန်ကုန်၊ မေ(၁၀)
အာဏာသိမ်းစစ်ကောင်စီ ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေ အမြန်ဆုံးရပ်တန့်အောင် ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် နိုင်ငံတကာအနေနဲ့ ထိရောက်စွာ အရေးယူပေးဖို့ တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ပြုကော်မတီ (CRPH)က ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ မေလ(၈) ရက်နေ့ကပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေးမှာ အရပ်သား ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ကောင်စီကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေ အမြန်ဆုံးအဆုံးသတ်နိုင်ဖို့အတွက် အခုလိုချမှတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
CRPH ရဲ့ အထူးအစည်းအဝေးမှာ စစ်ကောင်စီကို လေယာဉ်ဆီ၊ စစ်လက်နက်နဲ့ စစ်အသုံးအဆောင်တွေ တင်ပို့ရောင်းချတာမလုပ်ဖို့၊ စစ်ကောင်စီကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေကို နိုင်ငံတကာ ရာဇ ဝတ်ခုံရုံးနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးတွေမှာ တရားစီရင်နိုင်ဖို့အတွက် နိုင်ငံတကာအနေနဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့အပါအဝင် အချက်(၁၃) ချက်ကို အတည်ပြုခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်တွေချတာဟာ မြန်မာနိုင်ငံရဲ့ အာဏာရှင်စနစ်အဆုံးသတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်နိုင်ရေး ကြိုးပမ်းမှုမှာ နိုင်ငံတကာဆီက လက်တွေ့ကျတဲ့ အကူအညီရရှိဖို့ သံတမန်နည်းအရ ကြိုးပမ်းမှုဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီဟာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတဲ့ ပဇီကြီးကျေးရွာတိုက်ခိုက်မှု၊ လက်ယက်ကုန်းကျေးရွာနဲ့ အနန့်ပါလေကြောင်းတိုက်ခိုက်မှုတွေအပြင် ပြည်သူတွေကို မီးရှို့သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်လို့ ဆိုထားပါတယ်။
ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူပိုင်နေအိမ် (၇) သောင်းကျော် မီးရှို့ခံထားရကာ သက်ကြီးရွယ်အို၊ မသန်စွမ်းနဲ့ ကလေးသူငယ်တွေ မီးလောင်သေဆုံးတာတွေရှိခဲ့ပြီး နေရပ်စွန့်ခွာ ထွက်ပြေးသူတွေလည်း ၁ ဒသမ ၇ သန်းကျော်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ -CRPH