မော်လမြိုင်၊ မေ(၉)

KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့လက်နက် ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၂၀၀၀၀ ကျော်ဟာ လက်ရှိအချိန်အထိ နေရပ်မပြန်ရဲကြသေးသလို အကူအညီတွေ ဆက်လက်လိုအပ်နေတယ်လို့ စစ်ရှောင်အရေး ကူညီသူတွေထံကနေ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေအတွင်းမှာ ဧပြီလ (၁)လ တာအတွင်း ပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိနဲ့ လေ ကြောင်းနဲ့ (၃၁)ကြိမ် လာရောက်ဗုံးကြဲခဲ့သလို လက်နက်ကြီးတွေနဲ့ (၁၈၄)ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ တပ်မဟာ(၆) က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း(၃)ကျောင်း၊ ဘုန်းကြီးကျောင်း(၁) ကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း(၂)ကျောင်း၊ ဆေးပေးခန်း(၂)လုံး၊ ပြည်သူနေအိမ်(၃၈၇)လုံး ပျက်စီးခဲ့ရကာ နေအိမ် (၁၂)လုံးကတော့ မီးလောင်ပြာကျခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုနဲ့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ပြီးခဲ့တဲ့ မတ်လအတွင်းက ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ စစ်ဘေးရှောင်ပြည်သူ (၂၃၀၂၁)ဦးဟာ လက်ရှိ မေလအထိ နေရပ်ကိုပြန်လည်နေထိုင်နိုင်ခြင်း မရှိသေးပါဘူး။

ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုနဲ့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်အခြေအနေတွေနဲ့ ပတ်သက်ပြီး ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG စည်းရုံးလှုံ့ဆော်ရေး တာဝန်ခံ စောနန္ဒဆူးက အခုလိုပဲပြောပါတယ်။

“လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားနေတုန်းပဲ၊ ရမ်းသမ်းပစ်ခတ်မှုတွေ၊ တိုက်ပွဲတွေ၊ ဆက်လက်ဖြစ်ပွားနေတုန်းပဲ၊ ပြီးလို့ရှိရင် မတရားဖမ်းဆီးမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ သတ်ဖြတ်မှုတွေလည်းပဲ တပ်မဟာ(၆)နယ်မြေမှာ ဆက်လက်ဖြစ်ပွားနေတုန်းပဲ။ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့်ပေါ့နော်၊ အထူးသဖြင့် ဒေသခံတွေရဲ့ နေအိမ်အဆောက်အဦးတွေ ထိခိုက်ပျက်စီးသလိုမျိုး ဘာသာရေးအဆောက်အဦးတွေဖြစ်တဲ့ ဘုရားကျောင်းတွေ၊ ဘုန်းကြီး ကျောင်းတွေသော်လည်းကောင်း၊ စာသင်ကျောင်းတွေ၊ ဆေးပေးခန်းတွေလည်းပဲ ထိခိုက်ပျက်စီးမှုတွေကတော့ ဆက်လက်ဖြစ်ပွားနေတုန်းပဲ ရှိနေတုန်းပဲပေ့ါ။ စစ်ရှောင်နဲ့ပတ်သက်ပြီးတော့မှ ဒီလိုမျိုးတိုက်ပွဲတွေ၊ ရမ်းသမ်းပစ်ခတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့အပေါ်မှာတော့ ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတုန်းပဲ။ လူသားချင်းစာနာထောက်ထားမှု အကူအညီဟာလည်းပဲ ဆက်လက်လိုအပ်နေတုန်းပဲပေါ့နော်။ ဘာလို့လဲဆိုရင် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေ သခံတွေအနေနဲ့ သူတို့ရဲ့ကျေးရွာတွေကို ပြန်လည်ပြီးတော့မှ အခြေချလို့ မရသေးဘူးပေါ့နော်။ တည်ငြိမ်မှုမရှိသေးဘူး။ လုံခြုံမှုမရှိသေးတဲ့အပေါ်မှာတော့ စစ်ဘေးရှောင်တွေဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ဆက်လက်လိုအပ်နေတယ်ပေါ့” လို့ စောနန္ဒဆူးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ဘေးရှောင်တွေအတွက် နေရာထိုင်ခင်း၊ အမိုးအကာ၊ တာလပတ်၊ စောင်၊ ခြင် ထောင်၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလိုအပ်လျက်ရှိနေတယ်လို့ KNU ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

KNU ဗဟိုအမြဲတမ်းကော်မတီဝင်တစ်ဦးဖြစ်တဲ့ ပဒိုစောကလယ်စေးကတော့ KNU အုပ်ချုပ်နယ်မြေအတွင်းမှာ ထိတွေ့တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်ပွားနေပြီး တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူ စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့နိုင်ဖို့အတွက် ကော်မတီတွေဖွဲ့စည်းထားကာ ကူညီထောက်ပံ့တာတွေ လုပ်ဆောင်နေသလို လိုအပ်ချက်တွေကတော့ အများကြီးရှိနေသေးတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လူထုတွေကတော့ အခုလက်ရှိမှာ တော်တော်တော့ ဒုက္ခရောက်နေတယ်ဆိုတာကတော့ ဒါကတော့ကမ္ဘာသိဖြစ်တာပေါ့နော်။ နောက်တစ်ခုက ဘယ်လိုဆောင်ရွက်ထားခဲ့သလဲဆိုတာတော့ ကျွန်တော်တို့ ကော်မတီတွေဖွဲ့ပြီးတော့ တာဝန်တွေပေးအပ်ပြီးတော့ နိုင်ငံတကာက အကူအညီပေးတဲ့အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေတာရှိတယ်။ လောလောဆယ်မှာကတော့ လူထုအတွက် တချို့က တိမ်းရှောင်နေရပေမယ့်လည်း ကောင်းမွန်တဲ့ လုံခြုံတဲ့အမိုးအကာအောက်မှာ နေလို့ရတာပေါ့နော်။ တချို့ကလည်းပဲ တောထဲတောင်ထဲမှာ ပုန်းအောင်းနေရတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်။ လောလောဆယ်မှာ မိုးတွင်းကာလကို ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် တောထဲမှာနေတဲ့လူထုတွေအတွက်တော့ ကျွန်တော်တို့ပိုပြီးတော့ စိုးရိမ်မှုတွေဖြစ်တယ်။ သို့သော်ငြားလည်းပဲ ကျန်တဲ့လူထုတွေအတွက်လည်းပဲ ကျွန်တော်တို့စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီးတော့လည်း လိုအပ်ချက်တွေကတော့ အများကြီးရှိနေတယ်ဆိုတာကတော့ ကျွန်တော်တို့ဘက်က ခေါင်းဆောင်တွေနဲ့ တာဝန်ရှိတဲ့ခေါင်းဆောင်တွေကနေပြီးတော့ တိုင်ပင်ဆွေးနွေးမှုတွေ တောင်းဆိုမှုတွေလုပ်ထားတာရှိပါတယ်” လို့ ပဒိုစောကလယ်စေးက ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းကနေ ဓာတုဗုံးတွေနဲ့ ပစ်ခတ်တာ၊ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ပြုလုပ်လျက်ရှိပြီး ပြည်သူတွေရဲ့ အိုးအိမ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေကို ဖမ်းဆီးညှဉ်းပန်းနှိပ်စက်တာနဲ့ သတ်ဖြတ်တာစတဲ့ ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နေ့စဉ်နဲ့အမျှကျူး လွန်လျက်ရှိနေလျက်ရှိတယ်လို့ KNU ဆိုပါတယ်။KNU အုပ်ချုပ်နယ်မြေအတွင်းမှာတော့ စစ်တပ်အာဏာသိမ်းတဲ့ကာလအတွင်း ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ဦးရေ (၅)သိန်းကျော် ရှိနေတယ်လို့ KNU ရဲ့ ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.