ရန်ကုန်၊ မေ(၉)

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းမှုအလွန် ဖြစ်ပေါ်လာတဲ့ တိုက်ပွဲတွေနဲ့ ဘဝမလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ ၁ ဒဿမ ၅ သန်းကျော်ရှိလာပြီလို့ ကုလသမဂ္ဂလူသားချင်း စာနာမှု ဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က မေ ၆ ရက်နေ့က ထုတ်ပြန်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုအလွန် အနောက် မြောက်ပိုင်းမှာ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်ဟာ ၁ သန်းကျော်အထိ ရှိလာနေတာပါ။

မြန်မာနိုင်ငံမှာ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အရပ်သားတွေ အသက်ဘေးအန္တရာယ် ထိခိုက်နေရသလို လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်တွေလည်း မြင့်တက်လာပြီး နေရပ်စွန့်ခွာရသူတွေများပြားလာတယ်လို့ UNOCHA က ဆိုပါတယ်။

အာဏာမသိမ်းမီရှိနှင့်ပြီးသား နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေ သုံးသိန်းကျော်နဲ့ အာဏာသိမ်းမှုအ လွန် နေရပ်စွန့်ခွာထွက်ပြေးရသူဦးရေနဲ့ပေါင်းရင် နိုင်ငံတဝန်းမှာ စစ်ပြေးဒုက္ခသည် ၁ ဒဿမ ၈ သန်းကျော် ရှိလာခဲ့တာပါ။

ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့ကစစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ ပဇီကြီးကျေးရွာလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် လူ ၁၇၀ ကျော် သေဆုံးခဲ့ပြီးနောက်ပိုင်း နေရပ်စွန့် ခွာသူတွေ ပိုတိုးလာနေပါတယ်။

စစ်ကောင်စီအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေကို ရုပ်ပိုင်းဆိုင်ရာနဲ့ စီမံခန့်ခွဲရေးဆိုင်ရာတွေမှာ အတားဆီးတွေနဲ့ ပိတ်ပင်ကန့်သတ်ထားဆဲဖြစ်ပြီး ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့မှာရှိနေတဲ့ စစ်ပြေးဒုက္ခသည်တွေကို နေရပ်ပြန်ဖို့နဲ့ ဒုက္ခသည်စခန်းတွေပိတ်သိမ်းဖို့ ဖိအားပေးမှုတွေရှိနေတယ်လို့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

မြန်မာနိုင်ငံတဝန်းမှာရှိတဲ့ နေရပ်စွန့်ခွာထွက်ပြေးရသူ ဒုက္ခသည်တွေကို အကူအညီပေးဖို့ လိုအပ်နေတဲ့ အမေရိကန်ဒေါ်လာ ၇၆၄ သန်းဟာ လက်ရှိ လေးလတာအတွင်းမှာတော့ ၁၀ ရာခိုင်နှုန်းအောက်သာ ရရှိသေးတယ်လို့ UNOCHA က ဆိုပါတယ်။

တချို့ အဖွဲ့အစည်းတွေအနေနဲ့ အခုနှစ်ပိုင်းအထိ ရန်ပုံငွေမရရှိသေးတာကြောင့် ပြီးခဲ့တဲ့နှစ်က လက် ကျန် ရန်ပုံငွေတွေကိုသာ အသုံးပြုနေရပြီး နိုင်ငံတဝန်းရှိ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ရန်ပုံ ငွေ အမြောက်အများ လိုအပ်တယ်လို့ UNOCHA က ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.