မော်လမြိုင် – မေ(၉)
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှာဖြစ်ပွားခဲ့တဲ့ သံတမန်ယာဉ်တန်းတိုက်ခိုက်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သက်ဆိုင်ရာ ဌာနတွေက စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေ ပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ မေလ(၇) ရက်နေ့က အာဆီယံအရာရှိတွေက လူသားချင်းစာနာထောက်ထား မှုဆိုင်ရာ အကူအညီတွေ ပေးအပ်နေချိန် တိုက်ခိုက်ခံခဲ့ရတာပါ။ ဒီတိုက်ခိုက်မှုဖြစ်စဉ်ဟာ NUG နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက အမိန့်ပေးစေခိုင်းခဲ့တာမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အခုတိုက်ခိုက်ခံခဲ့ရတဲ့နေရာဟာ စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်တလော အခြေအနေရှုပ်ထွေးနေပေမယ့် အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ကာကွယ်ရေးဝန်ကြီးဌာနတို့ က စုံစမ်းစစ်ဆေးမှုတွေ စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။
တရားဥပဒေစိုးမိုးရေးနဲ့ ဂျီနီဗာကွန်ဗင်းရှင်းအပါအဝင် နိုင်ငံတကာစည်းမျဉ်းဥပဒေတွေ အတိုင်း ဆောင်ရွက်သွားမှာဖြစ်သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကိုလည်း ဘေးကင်းလုံခြုံစွာ ဖြန့်ဝေနိုင်ဖို့အတွက် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ NUG ကအသိပေးထား ပါတယ်။
သံတမန်တွေ တိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး ပြင်းထန်စွာရှုတ်ချသလို မျက်ကွယ်ပြုထားမှာ မဟုတ်ဘူးလို့ အမျိုးသားညီညွတ်ရေး အစိုးရက ဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဥပဒေရေးရာနဲ့ အချက်အလက်တွေကို ဂရုတစိုက် ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ်သလို ရလာဒ်တွေကိုလည်း ပြည်သူလူထုကို ပွင့်လင်းမြင်သာမှုရှိစွာ အသိပေး ထုတ်ပြန်သွားမယ်လို့ ဖော်ပြထားပါတယ်။
အာဆီယံ သံတမန်တွေကို တိုက်ခိုက်ခဲ့တာဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးရဲ့ အခြေခံမူတွေနဲ့လည်း လုံးဝဆန့်ကျင်နေတယ်လို့ ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG