ရေဖြူ၊ မေ(၉)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဒေသခံ ၃၀ နီးပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အားစုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဒီနေ့ မေ ၈ ရက်နေ့ မနက်ပိုင်းမှာ ရေဖြူမြို့နယ် ဝက်ချောင်းကျေးရွာထဲ ဝင်ရောက်လာပြီး ဒေသခံအမျိုးသား၊အမျိုးသမီး ၂၀ နီးပါးကို လူ သားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့တာပါ။

အဲဒီနောက် စစ်ကောင်စီ စစ်ကြောင်းဟာ ခမောက်ချောင်းကျေးရွာထဲ ထပ်မံဝင်ရောက်လာပြီး ဒေသ ခံ ၁၀ နီးပါးကို ဖမ်းဆီးသွားပြီးနောက် ခမောက်ချောင်းကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲထားတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ သူတို့လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတဲ့ ဒေသခံတွေကို စာသင်ကျောင်းထဲမှာ ထိန်းသိမ်းထားပြီး တချို့ကိုတော့ လက်ပြန်ကြိုးတုပ် ဖမ်းဆီးထားတယ်လို့ ဒေသခံတွေထံကနေ ရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်စစ်ရေး တင်းမာနေပြီး တိုက်ပွဲတွေ ပြင်း ထန်လာနိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်းမှာ တနင်္သာရီတိုင်းထဲက ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးပါက ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးတာတွေကို ဆက်တိုက်ကျူးလွန်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ရငဲနဲ့ဝဲရစ်ကျေးရွာတွေဘက်ကို စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးစဉ် ဒေသခံ ၁၀၀ နီးပါကို ဖမ်းဆီးထားပြီး ၂ ရက်အကြာမှာ ပြန်လွှတ်ပေးကာ စစ်ကြောင်းပြန် ဆုတ်သွားခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.