မော်လမြိုင်၊ မေ(၉)
မုန်တိုင်းဝင်ရောက်နိုင်မှု သတိပေးချက်ကြောင့် မွန်ပြည်နယ်အပါအဝင် မုန်တိုင်းဝင်နိုင်တဲ့ ကမ်းရိုး တန်း ဒေသတွေမှာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေနဲ့ လူမှုကူညီရေးအသင်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့မှာ မေ ၉ ရက်နေ့စကပြီး လေဖိအားနည်းရပ်ဝန်းတစ်ခုကနေ အစပျိုးကာ မြန်မာနိုင်ငံကို မေ ၁၂ ရက်နေ့လောက်မှာ မုန်တိုင်းအဖြစ် ဝင်ရောက်နိုင်မှု အခြေအနေရှိနေတယ်လို့ မိုးလေဝသအချက်အလက်တွေက ဖော်ပြနေကြတာပါ။
ရေးမြို့နယ်အခြေစိုက် လူမှုကယ်ဆယ်ရေးအသင်းတစ်သင်းရဲ့ တာဝန်ရှိသူတစ်ဦးကတော့ လက်ရှိမှာ လမ်းမီးကြိုးနဲ့ မလွတ်တဲ့ သစ်ပင်သစ်ကိုင်းတွေကို ရှင်းလင်းနေပြီး ကမ်းရိုးတန်းဒေသက ကျေးရွာလူထုတွေကိုလည်း ကုန်းတွင်းပိုင်းကို ပြောင်းရွှေ့ဖို့ သတိပေးတာတွေ လုပ်ဆောင်နေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လောလောဆယ် ကျွန်တော်တို့က လမ်းမီးကြိုးနဲ့မလွတ်တဲ့ သစ်ပင်သစ်ကိုင်းတွေကို ခုတ်ထွင်ရှင်း လင်းနေပြီ။ သစ်ကိုင်းကြီးတွေကို အကိုင်းချတာလုပ်နေပြီ။ မြေနိမ့်ပိုင်းက ရပ်ကွက်တွေ နောက်ပိုင်းကျရင် သဲသောင်နဲ့ ပင်လယ်ကမ်းစပ်နဲ့ နီးတဲ့ကျေးရွာတွေကို သူ့ဒေသအလိုက် ဆော်ဩထားတယ်၊ လော်စပီကာနဲ့လည်း အော်တာပေါ့။ ဖြစ်နိုင်ရင် အမြင့်ကုန်းပေါ်ကို ရွှေ့ပြောင်းနေနိုင်ဖို့ကိုလည်း ကြို တင်သတိပေးထားပြီးဖြစ်တယ်” လို့ သူက ဆိုပါတယ်။
ရေးမြို့နယ်ဟာ ကမ်းရိုးတန်းဒေသဖြစ်တဲ့အတွက် ပင်လယ်ကမ်းစပ် သဲသောင်ပြင်နဲ့နီးတဲ့ ကဗျာဝ၊ ဇီးဖြူသောင်၊ ဆိပ်ကလေး၊ သမင်ဆိပ်၊ ကော့ဒွတ်နဲ့ ကုလားဂုတ်ကျွန်းအစရှိတဲ့ ကျေးရွာတွေမှာ ဒေသဆိုင်ရာ ပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဆော်ဩသတိပေးမှုတွေ လုပ်ဆောင်နေတယ်လို့ အဲဒီလူမှုအသင်းတာဝန်ရှိ သူကရှင်းပြပါတယ်။
ဒါ့အပြင် မုန်တိုင်းကြောင့် ပျက်စီးမှုတွေ ဖြစ်ပေါ်လာရင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ် ဆောင်နိုင်ဖို့ ရွှေ့ပြောင်းနေထိုင်မယ့်နေရာအပါအဝင် ရေသန့်၊ သောက်သုံးရေရရှိရေးတို့ကိုလည်း မြို့နယ်ပရဟိတအဖွဲ့တွေ နဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ သူကထပ်ပြောပါတယ်။
ရေးမြို့နယ်အပါအဝင် တချို့ မြို့နယ်အတွင်းမှာရှိတဲ့ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းလှေတွေဟာ ငါးဖမ်းရာသီပိတ်ထားတဲ့ ကာလဖြစ်တဲ့အတွက် ကုန်းပေါ်မှာသာရှိနေကြပြီး လှေတွေကိုခိုင်ခန့်အောင် ပြင် ဆင်မွမ်းမံနေကြတယ်လို့ ငါးဖမ်းလှေပိုင်ရှင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပြပါတယ်။
မိုးလေဝသစောင့်ကြည်လေ့လာသူ ဦးဝင်းနိုင်ကလည်း မေ ၉ ရက်နေ့မှာ လေဖိအားနည်းရပ်ဝန်းစဖြစ်လာပြီး အဲဒီကနေ ဘယ်ဘက်ကိုဦးတည်ပြီး ဘယ်လောက်အားပြင်းမယ်ဆိုတာ အတိအကျ ပြောလို့ရမယ်လို့ ဆိုပါတယ်။
“အခုက လေဖိအားနည်းရပ်ဝန်းအစပျိုးဖို့ စောင့်ကြည့်ရမယ့် စနစ်။ Invest 91B ဆိုတာ အခုစဖြစ်ပြီ။ ဆိုတော့ ကျွန်တော်တို့ ဒီနေ့ည သန်းခေါင်ကျော် သို့မဟုတ် မနက်ဖြန် ၉ ရက်နေ့ မနက်ပိုင်းလောက်ဆို လေဖိအားနည်း ရပ်ဝန်းစဖြစ်လာမယ်။ အဲဒီအချိန်ကျတော့မှ သူ ဘယ်ဘက်ကို ဘယ်လိုဆက်သွားမလဲ၊ နောက်ပြီး အားပြင်းတာ ဘယ်လောက်ဖြစ်လာမလဲ၊ မြန်မာပြည်ဘက်ကို ဘယ်လိုအန္တရာယ်တွေ ဖြစ်လာမလဲ၊ ဘယ်လိုသက်ရောက်မှုတွေ ဖြစ်လာမလဲ။ အဲဒီဟာတွေ တစ်ခုချင်းက မနက်ဖြန်မနက်ပိုင်းလောက်မှ အတိအကျပြောလို့ရမယ်။ အခုကတော့ ဒီနေ့ မနက်ထွက်ထားတဲ့ Forest Model ရဲ့ ကြိုတင်ခန်းမှန်းချက်အရ စစ်တွေအထက်ဘက်ကို ဝင်မယ်ဆိုပြီး အရင်ဆုံးစသိတယ်။ အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း အဆင့်ရောက်မယ်။ ဗဟိုလေတိုက်နှုန်းက မိုင်တစ်ရာကျော်အထိ ရှိနိုင်တယ်”လို့ သူက ဆိုပါတယ်။
မိုးလေဝသနဲ့ ဇလဗဒညွှန်ကြားမှုဦးစီးဌာနရဲ့ မေ ၈ ရက်နေ့ ၁၂ နာရီခွဲချိန် တိုင်းထွာချက်အရ ဘင်္ဂလားပင် လယ်အော်အရှေ့တောင်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတို့မှာလေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
အဲဒီ လေဖိအားနည်းရပ်ဝန်းဟာ ပိုမိုအားကောင်းလာနိုင်ပြီး မေ ၉ ရက်နေ့မှာ မုန်တိုင်းငယ်အဖြစ် ရောက်ရှိ နိုင်ကာ မြောက်ဘက်ဆီ ဆက်လက်ရွေ့လျားနိုင်သလို ၁၀ ရက်နေ့မှာ ဘင်္ဂလား ပင်လယ် အော်အလယ်ပိုင်းနဲ့ ကပ္ပလီပင်လယ်ပြင် မြောက်ပိုင်းတို့မှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
အိန္ဒိယမိုးလေဝသဌာန (IMD) ရဲ့ ခန့်မှန်းချက်မှာတော့ မြန်မာနိုင်ငံကို မေ ၁၃ ရက်နေ့ ညနေပိုင်းကနေ ၁၄ ရက်နေ့ မွန်းလွဲပိုင်းအတွင်း မြန်မာနိုင်ငံကုန်းတွင်းပိုင်းကို အင်အားပြင်းတဲ့ ဆိုင်ကလုန်းမုန် တိုင်းအဖြစ်ရောက်လာနိုင်တယ်လို့ Down to Earth သတင်းဌာနက ဖော်ပြပါတယ်။
မုန်တိုင်းသတိပေးချက်တွေကြောင့် စစ်ကောင်စီလက်အောက်ခံ တိုင်းနဲ့ပြည်နယ်အသီးသီးမှာရှိတဲ့ ကောင်စီအဖွဲ့ဝင်တွေက ညှိနှိုင်းအစည်းအဝေးခေါ်ယူကာ ကျရောက်လာနိုင်မယ့် သဘာဝဘေးအန္တ ရာယ်အပေါ် ကြို တင်ပြင်ဆင်လုပ်ဆောင်ရမယ့် အချက်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -MOI