တနင်္သာရီ၊ မေ(၉)
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ လသာကျေးရွာအနီး မြိတ်-မောတောင်ကားလမ်းမှာ ထိုင်းနိုင်ငံကိုသွားမယ့် ခရီးသည်ကား ၂ စီး မိုင်းဆွဲပစ်ခတ်ခံရတာကြောင့် ရွေ့ပြောင်းအလုပ်သမား ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ မေ ၇ ရက်နေ့ ညနေပိုင်းမှာ မြိတ်ဘက်ကနေ မောတောင်ဘက်ကို မောင်းနှင်းလာတဲ့ ရွေ့ပြောင်းအလုပ်သမား ၃၀ ကျော် လိုက်ပါလာတဲ့ မှန်အလုံပိတ်၊ တာလပတ်အုပ်ပြီးလာတဲ့ ခရီးသည်ကား ၂ စီးကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က စစ်ကောင်စီကားနဲ့ မှားယွင်းပစ်ခတ်မှု ဖြစ်ပေါ်ခဲ့တာပါ။
ခရီးသည်ကား မှားယွင်းမိုင်းဆွဲပစ်ခတ်ခံရတာကြောင့် ယာဉ်မောင်းတစ်ဦးအပါအဝင် အမျိုးသမီး ၁ ဦး၊ အမျိုး သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ခရီးသည်ကားကို စစ်ကောင်စီကားနဲ့ မှားယွင်းပစ်ခတ်မိခဲ့တဲ့အတွက် အရမ်းစိတ်မကောင်းဖြစ်ရကြောင်းနဲ့ ထိခိုက်နစ်နာသွားတဲ့ ပြည်သူတွေကိုလည်း အနူးညွတ်တောင်းပန်တယ်လို့ တနင်္သာရီမြို့နယ် ပကဖ ပြန်ကြားရေးတာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် တနင်္သာရီကားလမ်းအတွင်း သွားလာကြမယ့် မော်တော်ယာဉ်တွေအနေနဲ့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို မဖြစ်မနေလိုက်နာပေးကြဖို့ တိုက်တွန်းထားပါတယ်။
ခရီးသည်ကား မှားယွင်းပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ဒီနေ့ မေ ၈ ရက်နေ့ မနက်ပိုင်းကစပြီး မြိတ်-မောတောင်ကားလမ်းမှာ လုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးမှုတွေတင်းကျပ်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁ ရက်နေ့ကလည်း တနင်္သာရီမြို့နယ်၊ လယ်တော်ယာကျေးရွာအနီးမှာ ခရီးသည်တင်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရလို့ ကလေး ၁ ဦး အပါအဝင် ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ