ရန်ကုန် ၊ မေ (၇)

အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ NUG အပါအဝင် စစ်ကောင်စီနဲ့ရော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကိုပါ တိတ်တဆိတ်ဆွေးနွေးမှုတွေ ရှိခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးရက်နိုမာဆူဒီက ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေး အကျပ်အတည်း လျှော့ချနိုင်ဖို့နောက်ကွယ်ကနေ အစွမ်းကုန်လုပ်ဆောင်နေပြီး မြန် မာနိုင်ငံရဲ့ ပဋိပက္ခကနေ အဓိကပါဝင်ပတ်သက်သူတွေကို စားပွဲဝိုင်းဆွေးနွေးပွဲဆီခေါ်ဆောင်ဖို့ အင်ဒိုနီးရှားနိုင်ငံရဲ့ ပထမဆုံးအကြိမ် ကြိုးပမ်းမှုဖြစ်တယ်လို့ ဆိုပါတယ်။

သက်ဆိုင်သူအစုအဖွဲ့အားလုံးနဲ့ ဆွေးနွေးချက်အသေးစိတ်တွေကိုပြောကြားဖို့ ရက်နိုမာဆူဒီက ငြင်း ဆန်ခဲ့ပေမယ့် အင်ဒိုနီးရှားသံတမန်တွေက သက်ဆိုင်သူအားလုံးနဲ့ ထိတွေ့ဆက်ဆံ ဆွေးနွေးခဲ့တာ အကြိမ်ပေါင်း ၆၀ ကျော်ရှိပြီလို့ ရိုက်တာသတင်းဌာနကို ဖြေကြားထားတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ အာဆီယံနဲ့ တွေ့ဆုံစဉ် စစ်တပ်အနေနဲ့ နိုင်ငံရေးမှာ ပါဝင်နေတာမျိုးတွေ နောက်နောင်မဖြစ်ဖို့နဲ့ မြန်မာနိုင်ငံမှာစစ်တပ်က လက်နက်အားကိုးပြီး အာဏာသိမ်းတဲ့ဖြစ်ရပ်မျိုး ထပ်မဖြစ်ဖို့ အဓိကဆွေးနွေးခဲ့တယ်လို့ သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။

“လက်ရှိ ကျွန်တော်တို့ နိုင်ငံမှာ တော်လှန်ရေးအင်အားစုတွေရော ပြည်သူတွေရော အားလုံးပေါင်းပြီးတော့ ဆောင်ရွက်နေတာက စစ်အာဏဏာရှင်စနစ် မြန်မာ့မြေပေါ်မှာ ဘယ်တော့အခါမှ ပြန်ပေါ်မလာဖို့ စနစ်ကြီးတစ်ခုလုံးပြောင်းဖို့ ကြိုးစားနေတာ ဖြစ်တယ်။ ဒါတစ်ဖွဲ့နဲ့တစ်ဖွဲ့ကြားက ပဋိပက္ခမဟုတ်ဘူး။ ဒါဒီလိုအခြေ အနေဖြစ်တယ်ဆိုတာကိုလည်း နားလည်အောင် ကျွန်တော်တို့ဘက်က ရှင်းပြခဲ့တာတွေ ရှိပါတယ်။ ရေရှည်မှာလည်း နောက်နောင်မြန်မာနိုင်ငံမှာ စစ်တပ်ကလက်နက်အား ကိုးပြီး အာဏာသိမ်းတဲ့ဖြစ်ရပ်မျိုး မဖြစ်အောင် စစ်တပ်ဟာနိုင်ငံရေးမှာပါဝင်တာမျိုးတွေ နောင်အ နာဂတ်မှာမဖြစ်ဖို့ နိုင်ငံရေးမှာစစ်တပ်အနေနဲ့ ပါဝင်ပတ်သက်နေတာမျိုးတွေမဖြစ်ဖို့ ကျွန်တော်တို့ ဆွေးနွေးခဲ့တာရှိပါတယ်”လို့ သူက ပြောပါတယ်။

ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းပြီးကိစ္စအပါဝင် အဲဒီဥပဒေအောက်က စစ်အုပ်စု ကြိုးပမ်းနေတဲ့ တရားမဝင်အတုအယောင် ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးကို ပြေလည်စေမယ့် အဖြေမဟုတ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေဘက်က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်အတိုင်း Constitution အသစ်တစ်ခုရေးဆွဲဖို့ ပြင်ဆင်နေတဲ့ ကိစ္စတွေလည်း ဆွေးနွေးခဲ့တယ်လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။

“မြန်မာနိုင်ငံမှာလက်ရှိဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီးတော့ NUG ရဲ့ ရပ်တည်ချက်ကို ပြောခဲ့တာတွေရှိတယ်။ တကယ်တမ်းကျတော့ NUG သာမက တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေအားလုံးနဲ့ အတူပေါင်းစည်းနေတဲ့ တော်လှန်ရေးဘက်ကဘယ်လို ရပ်တည်တယ်ဆိုတဲ့ကိစ္စတွေကို အဓိကပြောဆိုဆွေးနွေးတာတွေရှိပါတယ်။ အဲဒီအထဲမှာ ဘာတွေပါလဲဆိုရင်တော့ ကျွန် တော်တို့တွေ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဒါဖျက်သိမ်းပြီးဖြစ်တယ်ဆိုတဲ့ကိစ္စတွေပေါ့နော်။ ပြီးတဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကနေ အကြမ်းဖက်စစ်အုပ်စုလုပ်မယ့် တရားမဝင်ရွေး ကောက်ပွဲကလည်း မြန်မာ့နိုင်ငံရေးကိုပြေလည်စေမယ့် အဖြေမဟုတ်ဘူး။ ကျွန်တော်တို့ တော်လှန် ရေးအင်အားစုတွေဘက်ကတော့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ်အတိုင်းပေါ့နော် Constitution တစ်ခုရေးဆွဲဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ကိစ္စတွေဆွေးနွေးခဲ့ပါတယ်” လို့ ဆိုပါတယ်။

တွေ့ဆုံဆွေးနွေးစဉ် အင်ဒိုနီးရှားက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဘက်ကို မေးခွန်းမေးမြန်းမှုတွေရှိပေမယ့် အတိအကျ ထုတ်ပြန်လို့မရသေးတဲ့ အနေအထားဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ကတော့ အာဆီယံနိုင်ငံတွေနဲ့ တွေ့ဆုံရာမှာ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေပေးဖို့ကိစ္စကိုသာ ပိုမိုဆွေးနွေးကြတာလို့ အတွင်းရေးမှူး (၂)ဦးအောင်ဆန်းမြင့်က သံလွင်တိုင်းမ်ကို ပြော ဆိုထားပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ ဒေသတွင်းအာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တူညီတဲ့သဘောထား ချမှတ်နိုင်ခြင်းမရှိတဲ့ အခြေအနေမှာ မြန်မာ့နိုင်ငံရေး ပြဿနာဖြေရှင်းဖို့ အာဆီယံကို မျှော်လင့်လို့မရကြောင်း သုံးသပ်မှုတွေလည်း ရှိနေတာပါ။

မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့ အာဆီယံခေါင်းဆောင်တွေ ဆုံးဖြတ်ထားတဲ့ အကြမ်းဖက်မှုတွေချက်ချင်းရပ်တန့်ဖို့၊ သက်ဆိုင်ရာ အစုအဖွဲ့တွေကြားမှာ ညှိနှိုင်းဆွေးနွေးဖို့၊ လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့စတဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း ၂ နှစ်ပြည့်ပြီးတဲ့အထိ ရေရေရာရာအကောင်အထည် မဖော်နိုင်သေးပါဘူး။

မေဒုတိယပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးချမှတ်ထားတဲ့ အာဆီယံဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော် ဆွေးနွေးသွားဖို့ ရှိနေပါတယ်။

အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ အခုနှစ်အတွင်း အလှည့် ကျဥက္ကဌ သုံးဆက်ပြောင်းလဲခဲ့ပြီး အင်ဒိုနီးရှားအလှည့်ကျ ဥက္ကဌ ဖြစ်လာချိန်မှာတော့ သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။ဒါပေမဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းမှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုမရသေးသရွေ့ မြန်မာ စစ်ဗိုလ်ချုပ်တွေကို အာဆီယံအဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေးတွေမှာ တက်ရောက်ခွင့် တားမြစ်ပိတ်ပင်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CNN

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.