မော်လမြိုင်၊ မေ(၇)
မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီစနစ်ထူထောင်ရေး၊ ကရင်အမျိုးသားတို့ရဲ့ ရသင့်ရထိုက်တဲ့ အမျိုးသားတန်းတူးရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးတွေ ရရှိရေးအတွက် ချမှတ်ထားတဲ့ အခြေခံလုပ်ငန်းစဉ်နဲ့ ရှေ့ဆက်လုပ်ငန်းစဉ်တွေအတိုင်း ကရင်တမျိုးသားနဲ့ အတူတကွ ရပ်တည်ဆောင်ရွက်သွားကြဖို့ ညီလာခံမှာ သံဓိဌာန်ပြုခဲ့ကြတယ်လို့ KNU ဗဟိုဌာနချုပ်က မေ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ လူထုလူတန်း စားအသီးသီးနဲ့အတူ လက်တွဲပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်သွားကြမယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
ပြီးခဲ့တဲ့ ဧပြီ(၂၄)ရက်နေ့ကနေ မေလ(၄)ရက်နေ့အထိ ကျင်းပပြုလုပ်သွားခဲ့တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ (၁၇)ကြိမ်မြောက် ဗဟိုညီလာခံအပြီးမှာ KNU ဗဟိုဌာနချုပ်ကနေ အခုလိုထုတ်ပြန်လာတာ ဖြစ်ပါတယ်။
မဟာလူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီစနစ်ထူထောင်ရေးနဲ့ ပတ်သက်ပြီး ဆက်လက်ဆောင်ရွက်သွားမယ့် အခြေအနေအပေါ် KNU ဗဟိုကော်မတီဝင် ပဒိုစောကလယ်စေးက သံလွင်တိုင်းမ်ကို အခုလိုပြောပါတယ်။
“ကျွန်တော်တို့ ဒီအလွှာအသီးသီးမှာလုပ်ဆောင်နေတဲ့ အခန်းကဏ္ဍပေါ်မှာမူတည်ပြီးတော့ ပူးတွဲဆောင်ရွက်သွားဖို့ ရည်မှန်းချက်တော့ရှိတယ်။ သူတို့ရဲ့လုပ်ဆောင်ချက်ဆိုတာ အဖွဲ့အစည်းတစ်ခုနဲ့တစ်ခုကြားထဲမှာ ဒီတော်လှန်ရေးရဲ့ ဆောင်ရွက်နေတဲ့ပုံမတူကြဘူး။ မတူညီတဲ့တော်လှန်ရေးအစုအဖွဲ့တွေ၊ အလွှာအသီးသီးကဟာတွေကို စုစည်းပြီးတော့ ဘယ်လိုပူးပေါင်းဆောင်ရွက်လို့ ရနိုင်မလဲဆိုတာကို တွေ့ဆုံပြီးတော့၊ ဆွေးနွေးပြီးတော့ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ပြီးတာနဲ့ ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်” လို့ ပြောပါတယ်။
(၁၇)ကြိမ်မြောက် KNU ဗဟိုညီလာခံမှာ (၁၆)ကြိမ်မြောက် ဗဟိုညီလာခံသက်တမ်း တစ်လျှောက်က အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့ ဗဟိုအမြဲတမ်းကော်မတီရဲ့ လုပ်ငန်းအစီရင်ခံစာနဲ့ နိုင်ငံရေးအစီရင်ခံစာတွေ၊ ခရိုင်ဌာနနဲ့ ကော်မတီအသီးသီးတို့ရဲ့ လုပ်ငန်းအစီရင်ခံစာတွေကို သုံးသပ်အတည် ပြုတာ၊ ဗဟိုအမြဲတမ်းကော်မတီက ပြင်ဆင်ဖြည့်စွက်တင်သွင်းခဲ့တဲ့ KNU ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နည်းဥပဒေ၊ ကရင့်အမျိုးသားတော်လှန်ရေးရဲ့ အခြေခံလမ်းစဉ်နဲ့ လုပ်ငန်းစဉ်တွေ၊ KNU ရဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အတည်ပြုချမှတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် ရာဇဝတ်မှုတွေနဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ KNU ခေါင်းဆောင်တွေ ပတ်သက်နေတဲ့ ရေးသားပြောဆိုမှုတွေကို ဆန့်ကျင်ကန့်ကွက်ပြီး မောထိုတလေးဒေသရှိ တရုတ်မြို့သစ်စီမံ ကိန်းနဲ့ KK Park လို့ လူသိများတဲ့ တရုတ်ရာဇဝတ်ဂိုဏ်းတွေ ပါဝင်ပတ်သက်နေတဲ့ လောင်းကစားရုံဟာ KNU နဲ့ လုံးဝပတ်သက်မှု မရှိကြောင်း ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ အခြေအနေမှန်ကို သိရှိဖော်ပြနိုင်ရေးအတွက် စုံစမ်းစစ်ဆေးဖို့ KNU ဗဟိုအဆင့်ကဦးဆောင်ကာ လွတ်လပ်ပြီး ဘက်မလိုက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေပါဝင်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့ စည်းပြီး KNU မူဝါဒနဲ့ စည်းမျဉ်းဥပဒေတွေအတိုင်း အကောင်အထည်ဖော်သွားမယ်လို့လည်း (၁၇) ကြိမ်မြောက် ညီလာခံအပြီးမှာ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီက ထုတ်ပြန်ထားပါတယ်။
စုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်တဲ့ မေးမြန်းမှုတွေကို လိုအပ်သလို ထုတ်ဖော်ပြောကြားသွားမှာဖြစ်ပြီး ဥပဒေချိုးဖောက်မှုတွေရှိကြောင်း ဖော်ထုတ်တွေ့ရှိရပါက လိုအပ်သလို အရေးယူမှုတွေ လုပ်ကိုင်သွားမှာဖြစ်တယ်လို့ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီက အသိပေးထုတ်ပြန်ထားပါတယ်။
“အဲဒီရဲ့စွပ်စွဲမှုတွေ ရေးသားတင်ပြမှုတွေကတော့ ကျွန်တော်တို့ကန့်ကွက်တာပေ့ါနော် ပထမဦးဆုံးအနေနဲ့။ ဒါပေမဲ့ကျွန်တော်တို့ရဲ့ ဒီလိုင်းပေါ်မှာတွေ့နေရတဲ့ စာချုပ်စာတမ်းကိစ္စတွေမှာ ပြန်ကြည့်ရင်တော့ ကျွန်တော်တို့ခေါင်းဆောင်တွေ ပါဝင်လက်မှတ်ထိုးထားကတော့ တွေ့ရပါတယ်။ သို့သော် ငြားလည်းပဲ ဒီအရာတွေသည် အပြစ်ရှိတယ်လို့ မှားယွင်းတယ်လို့ ကျွန်တော်တို့ယူဆလို့မရသေးပါဘူး။ အဲဒါကြောင့်မို့ ကျွန်တော်တို့ KNU အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားတာရှိပါတယ်။ ဒီစုံစမ်းစစ်ဆေးမှုတွေကိုလည်း အလျဉ်းသင့်ရင်သင့်သလို လိုအပ်ရင်လိုအပ်သလို ကျွန်တော်တို့ထုတ်ပြန်သွားဖို့လည်း ပြောထားပါတယ်။ အဲဒါကြောင့်မို့လို့ ဒီစုံစမ်းစစ် ဆေးမှုကလည်းပဲ အချိန်တိုအတွင်းမှာလည်း မဖြစ်နိုင်ဘူး” လို့ ပြောပါတယ်။
(၁၇)ကြိမ်မြောက် KNU ဗဟိုညီလာခံ ကျင်းပနေချိန်အတွင်းက KNU ဖာပွန်ခရိုင် တပ်မဟာ(၅)ဘက်က မြို့သစ်စီမံကိန်းတွေနဲ့ လောင်းကစားလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ KNU ခေါင်းဆောင်ပိုင်းအချို့ကို စုံစမ်းစစ်ဆေးပြီး အရေးယူဆောင်ရွက်ပေးဖို့ KNU ဗဟိုထံ စာပေးပို့တောင်းဆိုခဲ့တဲ့အတွက် ဗဟိုကလည်း အရင် KNU ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ ပဒိုစောရော်ဂျာခင်အပါအဝင် (၅)ဦးကို စုံစမ်းစစ်ဆေးသွားမယ်လို့ ပြန်လည်ဖြေရှင်းပေးခဲ့တာဖြစ်ပါတယ်။
အချိန် ၁၁ ရက်အကြာ ကျင်းပခဲ့တဲ့ KNU ညီလာခံမှာတော့ ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌအဖြစ် ပဒိုစောဆဲဂေ၊ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ပဒိုစောတာဒိုမူး၊ တွဲဖက်အထွေ ထွေအတွင်းရေးမှူး(၁) ပဒိုစောသောသီဘွဲ၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်း၊ ကော်မတီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျောနီ၊ ဗိုလ်မှူးချုပ်စောတာမလာသော၊ ပဒိုနော်ဒါးဒါး၊ ပဒိုစောတောနီး၊ ပဒိုစောအယ်ကလူစေး၊ ပဒိုစောလောအယ်မူးတို့ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU