ဘုတ်ပြင်း၊ မေ(၇)

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကမာချောင်းကျေးရွာမှာ ကျပ်သိန်းထောင်ချီနဲ့တန်ဖိုးရှိတဲ့ လုပ်ငန်းရှင်တစ်ဦးရဲ့ နေအိမ်အဆောက်အဦးနဲ့ ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီဘက်က လာရောက် ချိပ်ပိတ်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေး၊ ရဲနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မေ ၅ ရက်နေ့မှာ ဒေ သခံ လုပ်ငန်းရှင်ဦးအောင်ဇော်ဦးပိုင်ဆိုင်တဲ့ ဆီဆိုင်၊ နေအိမ်၊ ဈေးဆိုင်နဲ့မြေကွက်တွေကို လာရောက်ချိပ်ပိတ်သွားတာ ဖြစ်ပါတယ်။

ဒေသခံလုပ်ငန်းရှင် ဦးအောင်ဇော်ဦးရဲ့ ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်ပြီးနောက် စစ်ကောင်စီက နေအိမ်မှာ နေထိုင်နေတဲ့ မိသားစုဝင်တွေကိုလည်း နေအိမ်ကနေ အမြန်ဆုံးဖယ်ရှားကြဖို့ ပြောဆိုလာတယ်လို့ သိရပါတယ်။

စစ်ကောင်စီက လုပ်ငန်းရှင်ဦးအောင်ဇော်ဦးဟာ PDF တွေကို ငွေကြေးထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲ ချက်နဲ့ ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းမှာ လာရောက်ဖမ်းဆီးသွားပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ ည နဲ့ အမှုဖွင့်ပြီး ပိုင်ဆိုင်မှုတွေကို ချိပ်ပိတ်ခဲ့တာပါ။

လက်ရှိမှာတော့ လုပ်ငန်းရှင်ဦးအောင်ဇော်ဦးကို ဘုတ်ပြင်းရဲစခန်းမှာ ဆက်လက်ထိန်းသိမ်းထားပြီး အမှုတွဲတွေထပ်တိုးဖို့ စစ်ကောင်စီဘက်က လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဒေသခံတွေအဆိုအရ ဦးအောင်ဇော်ဦးဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီအတွက် ရွေးကောက်ပွဲအောင်နိုင်ရေး လုပ်ကိုင်ခဲ့သူဖြစ်ပြီး စစ်တပ်အာဏာ သိမ်းပြီးနောက် စီးပွားရေးလုပ်ငန်းတွေကိုသာ ဆက်လက်လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းတဲ့ အခုနှစ် မတ်လကုန်အထိ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အရပ်သားပြည်သူတွေရဲ့ နေအိမ်၊ အဆောက်အဦးနဲ့ အကြီးစားပစ္စည်းစတဲ့ ပိုင်ဆိုင်မှုပေါင်း အနည်းဆုံး ၈၀၀ နီးပါး ချိပ်ပိတ်ခံထားရတယ်လို့ နိုင်ငံရေးအကျည်းသားများ ကူညီစောင့်ရှောက်မှုအသင်း (AAPP)က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.