ဘီးလင်း၊ မေ(၇)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာရှိ စစ်ကောင်စီ တောင်စွန်းနယ်မြေရဲစခန်းနဲ့ ဝင်းကကျေးရွာရှိ ဝင်းကနယ်မြေရဲစခန်းတို့ဟာ မေ ၆ ရက်နေ့ ညနေပိုင်းမှာ တစ်ပြိုင်နက်တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ ညနေ ၃ နာရီလောက်မှာ တောင်စွန်းနယ်မြေရဲစခန်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့လာရောက်တိုက်ခိုက်ခဲ့သလို ဝင်းကနယ်မြေရဲစခန်းကိုလည်း ဗုံးနဲ့တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတွေအဆိုအရ တောင်စွန်းနယ်မြေရဲစခန်းကို ပထမအကြိမ်ဒရုန်းနဲ့ လာရောက်တိုက်ခိုက်ပြီးနောက် ၁၀ မိနစ်ကြာမှာ နောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဝင်းကနယ်မြေရဲစခန်းကိုတော့ ဗုံးနဲ့လာရောက်ပစ်ခတ်သွားတာ ဖြစ်ပါတယ်။

ဗုံးနဲ့ပစ်ခံရလို့ ဝင်းကနယ်မြေရဲစခန်း အဆောက်အဦးတချို့သာ ထိခိုက်ပျက်စီးပြီး တောင်စွန်းရဲစခန်းကတော့ အဆောက်အဦးပျက်စီးတာနဲ့ ထိခိုက်သေဆုံးတာတွေရှိနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရဲစခန်းတွေတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်က ဒရုန်းလာရာလမ်းကြောင်းကို သေနတ်နဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်တာနဲ့ အနီးပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဘီးလင်းမြို့နယ်မှာ ရဲစခန်းနှစ်ခုတိုက်ခိုက်ခံရတဲ့ဖြစ်စဉ် အသေးစိတ်ကို သံလွင်တိုင်းမ်က ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်နေ့ကလည်း ဘီးလင်းမြို့၊ ကန်သာယာရပ်ကွက် ဘီးလင်း-တောင်စွန်းသွားကားလမ်းဘေးရှိ စစ်ကောင်စီမြို့နယ်အခွန်ဦးစီးဌာနရုံးဟာ မိုင်းခွဲတိုက်ခိုက်ခံရတာကြောင့် အဆောက်အ ဦးတချို့ ထိခိုက်ပျက်စီးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.