ကျိုက်ထို၊ မေ(၇)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အခြေစိုက် စစ်ကောင်စီ တပ်မ ၄၄ ဌာနချုပ်ဟာ မေ ၆ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသခံတွေနဲ့ တော်လှန်ရေးအင်အား စုတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူး ပေါင်းတပ်ဖွဲ့ က ရှော့တိုက်ဒုံး ၃ လုံးလောက် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုမှာ ရှော့တိုက်ဒုံးတစ်လုံးဟာ စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ်ရုံးအနီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ဆေးသုတ်နေတဲ့ မောင်နေထက်အောင် ညာဘက်ပေါင် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်တပ်လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာ ရေးသားထားပါတယ်။
ဒါ့အပြင် နောက်ထပ်ရှော့တိုက်ဒုံးတစ်လုံးဟာ စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ်ရုံးရှေ့ လမ်းပေါ် ကျရောက်ကွဲခဲ့ပြီး နောက်တစ်လုံးကတော့ စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ(၂) တပ်အနီး ကျရောက်ကွဲခဲ့တယ်လို့ ရေးသားဖော်ပြတာတွေ ရှိနေတာပါ။
စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ် ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီကနေ ကျိုက်ထိုမြို့နယ် မိုးဘောကျေးရွာထဲကို လက်နက်ကြီးနဲ့ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ စစ်ကောင်စီတပ်မ ၄၄ ဌာနချုပ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးတာနဲ့ ပျက်စီးမှုအသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
တဆက်တည်း မနေ့ မနက် ၈ နာရီလောက်မှာလည်း ဘီးလင်းမြို့နယ်၊ သပြေနီကျေးရွာနဲ့အလူးလေးကျေးရွာကြားမှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ရဲ့ ပြောကြားချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -Social Media