ကော့ကရိတ်၊ မေ(၇)
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အထွက်အနီးမှာ မေ ၆ ရက်နေ့ မနက် ၆ နာရီကျော်အချိန်လောက်က အုတ်ဖိုလုပ်ငန်းခွင်ထဲ လက်နက်ကြီးကျပေါက်ကွဲခဲ့တာကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒေသခံတွေအဆိုအရ အဲဒီနေ့မနက်ပိုင်းမှာ ကောကရိတ်မြို့အရှေ့ဘက်ကခြမ်းမှာ ပစ်ခတ်သံတွေကြားပြီးနောက် လက်နက်ကြီးတစ်လုံးဟာ အုတ်ဖိုလုပ်ငန်းခွင်အတွင်း ကျရောက်ပေါက်ကွမှုဲဖြစ်ပွားပြီး အရပ်သားထိခိုက်သေဆုံးမှု ဖြစ်ပေါ်ခဲ့ပါတယ်။
အုတ်ဖိုလုပ်ငန်းခွင်ထဲ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဘားအံမြို့နယ် ဇာသပြင်ကျေးရွာနေ အသက် ၃၈ နှစ်အရွယ် ကိုဇေယျာနိုင်သေဆုံးခဲ့ပြီး အမျိုးသမီး ၁ ဦးအပါအဝင် အမျိုးသား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားပြည်သူ ၅ ဦးဟာ ဧရာဝတီတိုင်းကနေ ကရင်ပြည်နယ် ကော့ကရိတ်မြို့ နယ်မှာ အုတ်ဖုတ်လုပ်ငန်း လာရောက်လုပ်ကိုင်သူတွေဖြစ်တယ်လို့ ဆိုပါတယ်။လက်နက်ကြီးကျည်ထိမှန် ထိခိုက်ဒဏ်ရာသူတွေကို ဘားအံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံကနေ ရပါတယ်။
ကော့ကရိတ်မြို့နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူတွေနေထိုင်တဲ့ ရပ်ကွက်နဲ့ကျေး ရွာတွေထဲကို လက်နက်ကြီး မကြာခဏကျရောက်ပေါက်ကွဲနေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေ ရှိနေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ