မော်လမြိုင်၊ မေ(၆)
ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေး၊ စစ်ရေးအခြေအနေ အကြောင်းအရပ်ရပ်ကြောင့် ရွှေ့ဆိုင်းခဲ့ရတဲ့ ၁၇ ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး KNU ကွန်ကရက်ညီလာခံမှာ ဥက္ကဋ္ဌအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်းအများစု အပြောင်းအလဲ ဖြစ်ပေါ်ခဲ့ပါတယ်။
ဧပြီနောက်ဆုံးအပတ်ကနေ စတင်ကျင်းပခဲ့တဲ့ KNU ဗဟိုညီလာခံ ရွေးကောက်ပွဲမှာ KNU ဥက္ကဌ ရာထူးအပါအဝင် ဒုတိယဥက္ကဌ၊ အထွေထွေအတွင်းရေးမှူးချုပ်၊ တွဲဖက်အတွင်းရေးမှူး(၁)၊ တွဲဖက် အတွင်းရေးမှူး(၂)နဲ့ ဗဟိုတရားသူကြီးချုပ်အပါအဝင် ဗဟိုအလုပ်ဆောင်အဖွဲ့ကို အသစ်ပြန်လည် ရွေးချယ်ခဲ့တာပါ။
KNU ဥက္ကဌအသစ်အဖြစ် အရင်ဒုတိယဥက္ကဌတာဝန်ယူထားတဲ့ ပဒိုစောကွယ်ထူးဝင်း ရွေးကောက်တင်မြှောက်ခံရပြီး ဒုတိယဥက္ကဌအဖြစ် ပဒိုစောဆဲဂေ၊ အတွင်းရေးမှူးချုပ်အဖြစ် ပဒိုစောတာဒိုမူး၊ တွဲဖက်အတွင်းရေးမှူး (၁) အဖြစ် ပဒိုစောသောသီဘွဲ၊ တွဲဖက်အတွင်းရေးမှူး(၂)အဖြစ် ပဒိုစောလှထွန်းနဲ့ ဗဟိုတရားသူကြီးချုပ်အဖြစ် ပဒိုနော်မြိုင်ဖိုး ရွေးကောက်တင်မြှောက်ခံခဲ့ရတာ ဖြစ်ပါတယ်။
KNU ခေါင်းဆောင်အပြောင်းအလဲကြောင့် စစ်ရေးနဲ့ နိုင်ငံရေးအခြေအနေတွေ ဘယ်လိုဆက်ဖြစ်လာနိုင်လဲဆိုတာ ပြည်သူလူထုကြားမှာ စိတ်ဝင်စားမှုမြင့်တက်နေတာဖြစ်ပါတယ်။KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီဥက္ကဌ ဗိုလ်မှူးစောကျော်မြင့်ကတော့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်သွားပေမယ့် KNU ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ ရပ်တည်ဆောင်ရွက်သွားဖို့ မျှော်လင့်သလို တော်လှန်ရေးအတွက် ပိုမိုအားကောင်းလာဖို့ ယုံကြည်ထားတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကောင်းပါတယ်။ အများရဲ့ သဘောထားဆန္ဒပေါ့နော်။ အများရဲ့သဘောထားဆန္ဒနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ KNU ရဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်အရ အများဆန္ဒသဘောထားနဲ့ ရွေးကောက်တင် မြှောက်ထားတဲ့ အခုကျွန်တော်တို့ လက်ရှိဥက္ကဌပေါ့ ပဒိုကွယ်ထူးဝင်း။ အဓိက ကျွန်တော်တို့ KNU ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ ရပ်တည်ပြီးတော့ ဆောင်ရွက်သွားဖို့ပဲ မျှော်လင့်တယ်နော်။ အဲဒီလိုပဲ ဆောင်ရွက်သွားမယ်လို့ ကျွန်တော်တို့အားလုံး ယုံကြည်တယ်လေ။ အခုကျွန်တော်တို့ သူ့ကို KNU ဥက္ကဌ ရွေးကောက်တင်မြှောက်ထားတာ ကျွန်တော်တို့ဘာမှလည်း စောဒကတက်စရာလည်း မလိုဘူး။ ကျွန်တော်တို့က ပူးပေါင်းဆောင်ရွက်ဖို့ပဲ လိုတာပေါ့နော်။ ကျွန်တော်တို့ သွားရမယ့်လမ်း ကြောင်းကတော့ အာဏာသိမ်းစစ်ကောင်စီပြုတ်ကျရေးအတွက်ပဲ။ အဲဒါကိုပိုပြီးတော့မှ အားကောင်းလာမယ်လို့ ကျွန်တော့်အမြင်ကတော့ အဲဒီလိုပဲ ယုံကြည်မျှော်လင့်တာပေါ့နော်။ တော်လှန်ရေးအ တွက် အင်အားတစ်ရပ်ပိုပြီးတော့ အင်အားကောင်းလာမယ်လို့တော့ အဲဒီလိုပဲကျွန်တော်တို့ မျှော်လင့်ယုံကြည်ထားတယ်လေ” လို့ ဗိုလ်မှူးစောကျော်မြင့်က ဆိုပါတယ်။
၁၇ ကြိမ်မြောက် KNU ဗဟိုညီလာခံမှာ တပ်မဟာ(၅)နဲ့ တပ်မဟာ(၂)က ကိုယ်စားလှယ်တွေက ညီ လာခံကို တက်ရောက်ခဲ့ပေမယ့် မဲမပေးဘဲ ညီလာခံမှာပြုလုပ်တဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ထားတယ်လို့ တပ်မဟာ (၅)က တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။
KNU ဗဟိုညီလာခံ ကျင်းပနေစဉ်အတွင်း KNU ဖာပွန်ခရိုင် တပ်မဟာ(၅)က တရားမဝင်လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ ဗဟိုကခေါင်းဆောင်တချို့အပါအဝင် ပါဝင်ပတ်သက်ဆက်နွယ်နေတဲ့သူတွေအားလုံးကို အရေးယူဖြေရှင်းဆောင်ရွက်ပေးဖို့ ဗဟိုကိုစာပေးဖို့တောင်းဆိုထားပြီး ဗဟိုကလည်း KNU ကာကွယ်ရေးဝန်ကြီး အပါအဝင် (၅)ဦးတို့ကို အရေးယူသွားမယ်ဆိုတဲ့အကြောင်း တပ်မဟာ(၅) ထံ စာပြန်ပေးပို့ပြီး အကြောင်းကြားထားပါတယ်။
စစ်ရေး၊ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ KNU ခေါင်းဆောင် အပြောင်းအလဲ ဖြစ်တာဟာ KNU အနေနဲ့ အရင်ကထက် နွေဦးတော်လှန်ရေးအတွင်း ပါဝင်လှုပ်ရှားမှု ပိုမိုအားကောင်းလာနိုင်ပြီး အဖွဲ့အစည်းအတွင်း ညီညွတ်ရေးလည်း ပိုမိုရရှိလာနိုင်တယ်လို့ သုံးသပ်တာပါ။
“ပဒိုစောကွယ်ထူးဝင်းဟာ စောမူးတူးထက်စာရင် NCA စာချုပ်အပေါ်မှာ သိပ်ပြီးတော့ ထောက်ခံချင်တဲ့ ပုဂ္ဂိုလ်မဟုတ်ပါဘူး။ အဲဒါကလည်း ကောင်းတဲ့အချက်တစ်ခုပေါ့ဗျာ။ နောက်တစ်ခုက တပ်မဟာအများစုက KNU ဗဟိုဌာနချုပ်အနေနဲ့ ပြောင်းလဲလုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ နွေဦးတော်လှန်ရေးထဲမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားလာမှုအပေါ်မှာ အဲဒါတွေတရားဝင်ဖြစ်လာဖို့ အခုလိုဥက္ကဌ ပြောင်းလဲပေးလိုက်တာဟာ ကောင်းတဲ့သဘောထားဖြစ်ပါတယ်။ ပဒိုစောကွယ်ထူးဝင်းဟာ အထူးသဖြင့် တပ်မဟာတွေအပေါ် ဩဇာရှိတဲ့အပြင် နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်လို့ တော်တော်လေး နွေဦးတော်လှန်ရေးဘက်က ရပ်ခံပြောဆိုတဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် ဒီလိုလူမျိုး ဥက္ကဌ ဖြစ်လာတာဟာ KNU အနေနဲ့ အရင်ကထက် နွေဦးတော်လှန်ရေး လှုပ်ရှားမှုအတွင်း ပါဝင်လှုပ်ရှားမှု ပိုမိုအားကောင်းလာလိမ့်မယ်၊ အဖွဲ့အစည်းအတွင်းမှာ ညီညွတ်ရေးလည်း ပိုပြီးရရှိလာလိမ့်မယ်လို့ ကျွန်တော်က မျှော်လင့်ပါတယ်ခင်ဗျ” လို့ ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုညီလာခံကို မေ ၄ ရက်နေ့မှာ ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယဥက္ကဌအဖြစ် ရွေးချယ်တင်မြောက်ခံထားရတဲ့ ပဒိုစောဆဲဂေကို ကာကွယ်ရေးဌာန ဝန်ကြီးအ ဖြစ်ပါ ပူးတွဲတာဝန်ယူဖို့ ထပ်မံရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် KNU နိုင်ငံခြားရေးဌာနရဲ့ဝန်ကြီးအဖြစ် ပဒိုစောတောနီးက ထပ်မံအရွေးခဲ့ရတာ ဖြစ်ပေမယ့် ဌာနအများစုရဲ့ ဝန်ကြီးတွေကိုတော့ လူသစ်တွေ ရွေးကောက်တင်မြှောက်ခဲ့တယ်လို့ KNU သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် PDF တပ်ရင်း (၁) တာဝန်ရှိသူတစ်ဦးကတော့ နွေဦးတော် လှန်ရေး အားကောင်းလာမှုဟာ KNU ချမှတ်ထားတဲ့ မူဝါဒ ၄ ချက် အပြောင်းအလဲ ရှိ မရှိ အပေါ်မှာသာ အဓိကမူတည်နေတယ်လို့ သုံးသပ်တာပါ။
“ပိုပြီးတော့ နွေဦးတော်လှန်ရေးမှာ ထိရောက်မှု ရှိမလား၊ ပိုပြီးတော့ တိုးတက်လာမလား။ သူတို့မှာ ချမှတ်ထားတဲ့ မူဝါဒ ၄ ချက်ရှိတယ်လေ။ အဲဒီ ၄ ချက်အတိုင်း လုပ်မယ်ဆိုရင် နွေဦးတော်လှန်ရေးမှာ ပိုပြီးတော့ သက်ရောက်မှု အားကောင်းတာပေါ့၊ ပိုပြီးတော့ တိုးတက်လာမှာပေါ့။ တကယ်လို့ ဒီလိုမ ဟုတ်ပဲ NCA ဘက်ကိုပဲ ထပ်ပြီးတော့ လက်ခံမယ်ဆိုရင် ကျွန်တော်တို့ မျှော်လင့်ထားသလို မဖြစ်လာဘူးပေါ့။ ကျွန်တော်တို့ကတော့ KNU မဟာမိတ်အနေနဲ့ တိုင်းရင်းသားတွေရဲ့ တော်လှန်ရေးမှာ ပိုပြီးပါဝင်မှုရအောင် ကျွန်တော်တို့ဘက်က တတ်နိုင်သမျှ ကြိုးစားမှာပေါ့။ သူတို့ရဲ့ပါဝင်မှုနဲ့ တော်လှန်ရေးက ပိုပြီးတော့မြန်မြန်အောင်မြင်နိုင်တာပေါ့”လို့ သူကဆိုပါတယ်။
လတ်တလော ကျင်းပပြုလုပ်နေတဲ့ KNU ဗဟိုညီလာခံနဲ့ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူ နိုင်ငံခြားရေးဌာနတာဝန်ခံ ပဒိုစောတောနီးကို ဆက်သွယ်မေးမြန်းရာမှာ လက်ရှိမှာမဖြေကြားနိုင်သေးဘဲ ညီလာခံပြီးဆုံးမှသာ KNU အနေနဲ့ တရားဝင်ထုတ်ပြန်သွားမှာဖြစ်တယ်လို့ KNU နိုင်ငံခြား ရေးဌာနက တာဝန်ရှိသူက အသိပေးထားပါတယ်။
KNU ညီလာခံကျင်းပနေစဉ်ကာလအတွင်း KNU အုပ်ချုပ်နယ်မြေတချို့မှာ စစ်ကောင်စီတပ်နဲ့ KNLA တော် လှန်ရေးပူးပေါင်း အင်အားစုတွေအကြား တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က ကျေးရွာတွေအပေါ်ကို လက်နက်ကြီးပစ်ခတ်တာတွေ၊ လေကြောင်းတိုက်ခိုက်တာတွေလည်း ဆက်လက်လုပ်ဆောင်နေပါ တယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေထဲမှာတော့ စစ်တပ် အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီတပ်နဲ့ KNLA ၊ KNDO ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲပေါင်း အကြိမ် ၈၀၀၀ ကျော်အထိ ဖြစ်ပွားထားသလို အဲဒီတိုက်ပွဲကြောင့် ဒေသခံ ၅ သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Lay Kay Kaw Page