မော်လမြိုင် ၊ မေ (၆)
မွန်ပြည်နယ်မှာ ဧပြီနောက်ဆုံးအပတ်ကစပြီး အပူရှပ်တာနဲ့ ကိုဗစ်ရောဂါတွေရောထွေပြီး ကူးစက်ဖြစ်ပွားမှု မြင့်တက်လာတာကြောင့် ပြည်သူတွေအနေနဲ့ အထူးသတိထားနေထိုင်ကြဖို့ ဆရာဝန်တွေက တိုက်တွန်းလိုက်ပါတယ်။
ပြည်နယ်အတွင်း အပူချိန်မြင့်တက်နေမှုကြောင့် အပူရှပ်ပြီးဖျားနာသူတွေ နေ့စဉ်များလာသလို ကိုဗစ်ကပ်ရောဂါကလည်း ကူးစက်ဖြစ်ပွားမှုနှုန်း မြင့်တက်နေတာကြောင့် ရောဂါလက္ခဏာမသိဘဲ ဆေးကုသမှုမခံယူပါက သေဆုံးနိုင်တဲ့အထိ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ပြီးခဲ့တဲ့တစ်ပတ်ကျော်လောက်က စတင်ကာ ဖျားနာတဲ့လူနာတွေများလာပြီး အပူရှပ်တာနဲ့ ကိုဗစ်ရောဂါတွေက ရောထွေးစွာဖြစ်ပေါ်နေတဲ့အတွက် ကွဲပြားစွာသိဖို့လိုသလို ကိုဗစ်ကပ်ရောဂါက ကာကွယ်ဆေးထိုးထားပြီးဖြစ်တဲ့အတွက် သိပ်မပြင်းထန်ပေမယ့် အပူရှပ်တာကတော့ သေဆုံးနိုင်တာကြောင့် အထူးသတိထားကြဖို့ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးက တိုက်တွန်းတာပါ။
“စပြီးတော့ အဖျားလူနာတွေ များလာတာ တစ်ပတ်ကျော်ပြီးပေါ့။အပူရှပ်တယ်ဆိုရင်တော့ ကိုယ်အပူချိန်က မတရားတက်လာမယ်။ ကိုဗစ်မှာကတော့ တုပ်ကွေးနဲ့အလားသဏ္ဍန်တူတယ်။ လက်ရှိဖြစ်နေတဲ့ ကိုဗစ်ရဲ့ သဘောတရားကတော့ အခါတိုင်းတုပ်ကွေးဖြစ်သလိုပဲ နှာစေးမယ်၊ ချောင်းဆိုးမယ်၊ လည်ချောင်းနာမယ်၊ ဝမ်းလျှောဝမ်းပျက် အဖျားတက်မယ်။အဲဒီလက္ခဏာတွေနဲ့ တွဲလျှက်ဆို ဒါအကြမ်းဖျင်း ကိုဗစ်လို့ပြောလို့ရတယ်။ အပူရှပ်တာကြတော့ နှာစေး၊ ချောင်းဆိုးလက္ခဏာတွေ ဖြစ်လေ့ဖြစ်ထသိပ်မရှိဘူး။ အဖျားမတရားတက်ပြီးတော့ အဖျားလုံးဝပြန်မကျဘူး။ (၁၀၄) (၁၀၅)ပေါ့ အဲ ဒီလို အဖျားတက်ပြီးတော့ သတိလစ်သွားတာတို့၊ တက်တာတို့၊ ဒါကတော့ အပူရှပ်တယ်လို့ ခွဲခြားလို့ရတာပေါ့။ ကာကွယ်ဆေးတွေက တော်တော်များများ ထိုးထားတာကို၊ လူဦးရေရဲ့ (၉၀) ရာခိုင်နှုန်းကျော်လောက် ထိုးထားတယ်။ နောက်ကိုဗစ်ကလည်း သိပ်မပြင်းထန်ဘူးဆိုတော့ ကိုဗစ်ကိုသိပ်မကြောက်ဘူး၊ ဒီထက်ပြီးပူလာရင် အပူရှပ်ပြီးတော့ ပိုဆိုးလာမှာကို ပိုကြောက်ရတယ်၊ အဲဒါကကိုဗစ်ထက် ပိုသေနိုင်တာ”လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိကိုဗစ်ကပ်ရောဂါ လက္ခဏာဟာ အရင်ကိုဗစ်တတိယလှိုင်းတုန်းကလို ပြင်းထန်မှုမရှိဘဲ ကာကွယ်ဆေးတွေ ထိုးထားတဲ့အတွက် သေဆုံးမှုနည်းနိုင်ပြီး အပူရှပ်တာကတော့ အပူချိန်ပြင်း ထန်မှုအပေါ် မူတည်ကာ လူ(၁၀၀)မှာ (၁၀) ရာခိုင်နှုန်းလောက်ထိ သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။
အထွေထွေရောဂါကု ဆရာဝန်နောက်တစ်ဦးကလည်း လက်ရှိမှာ ပွဲလမ်းသဘင်တွေများတာကြောင့် ကိုဗစ်ကိုမထိန်းနိုင်တော့ဘဲ ကူးစက်မှုအရမ်းများလာပါက သေဆုံးနှုန်းတွေ သိသိသာသာမြင့်တက်လာနိုင်သလို အပူရှပ်တာနဲ့ လက္ခဏာတူနေတာကြောင့် မပေါ့ဆကြဖို့ တိုက်တွန်းပါတယ်။
“အခုဘာမှ မထိန်းနိုင်ဘူး။ ပွဲတွေလည်း ဒီအတိုင်းပဲ ဆက်သွားနေတယ်။ ကူးစက်မှုတွေ ဒီအတိုင်းရှိနေမယ်ဆိုရင်တော့ ကူးစက်တဲ့လူဦးရေ အရမ်းများလာရင်တော့ သေဆုံးနှုန်းက သိသိသာသာ မြင့်လာလိမ့်မယ်။ ရောဂါပြင်းထန်မှု များလာလိမ့်မယ်။ တကယ်လို့ အဟန့်အတားနဲ့ နည်းနည်းထိန်းနိုင်တယ်ဆိုရင်၊ မက်စ်တွေပြန်တပ်မယ်ဆို အရင်တုန်းကလို သိသိသာသာလေး ထိန်းထားနိုင်မယ်။ ပွဲ လမ်းသဘင်တွေ အရမ်းကြီး မများဘူးဆိုရင် သူကပုံမှန်လောက်နဲ့ ပြီးသွားနိုင်တယ်လို့ထင်တယ်။ ဒီတစ်ခေါက်က သိပ်မပြင်းထန်ဘူး၊ ဒါပေမယ့် ကူးစက်မှုနှုန်း သိသိသာသာ များလာတယ်။ အရှေ့မှာမိုးရွာလို့ တုပ်ကွေးရာသီနဲ့ရောမယ်ဆိုရင်တော့ ကူးစက်မှုပြင်းသလို ရောဂါပြင်းထန်မှုကလည်း မြင့်လာနိုင်တယ်။ ဒီရက်ပိုင်းမှာလည်း ဒီအပူရှပ်ရောဂါ ပြင်းထန်မှုဖြစ်တဲ့အခါမှာ ဖျားတယ်၊ နှာစေးတယ်၊ လည်ချောင်းတွေ သိသိသာသာ နာလာကြတယ်။ ရှေ့တုန်းက ဒီလက္ခဏာနဲ့တူတူပဲ တချို့ကပေါ့စတစ်ဖြစ်တယ်။ ဒီရက်ပိုင်းတော့ အဲဒီလက္ခဏာတွေဖြစ်နေတယ်ဆိုရင် အိမ်ထဲမှာနေစေချင်တယ်၊ မက်စ်ကို ပြန်တပ်ထားစေချင်တယ်။ အခုကဖျားလည်း အပူရှပ်တာပဲဆိုပြီးတော့ ပြီးစလွယ်လုပ်ပြီးတော့ ဒီလိုပဲသွားနေကြတယ်”လို့ ဆိုပါတယ်။
ဒေသတွင်းဖြစ်ပေါ်နေတဲ့ အပူရှပ်မှုတွေကိုတော့ ကလေးသူငယ်နဲ့ အသက်(၆၀) အထက်လူကြီးတွေ၊ ရောဂါအခံရှိတဲ့သူတွေက ဒီအချိန်မှာ ပိုမိုဂရုစိုက်ဖို့လိုအပ်သလို ကိုဗစ်ကပ်ရောဂါတွေကိုတော့ ရောဂါ အခံရှိတဲ့သူတွေအနေနဲ့ အထူးသတိထားနေထိုင်ကြဖို့ ဆရာဝန်တွေက တိုက်တွန်းတာပါ။
ဒါကြောင့် ဖျားနာမှုလက္ခဏာပြသပါက နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေကို အချိန်မီပြသကာ ကုသမှုခံယူဖို့လိုအပ်ပြီး အချိန်မီကုသမှုမခံယူပါက အသက်သေဆုံးနိုင်တဲ့အထိ ဖြစ်ပေါ်လာနိုင်တယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာတော့ သင်္ကြန်ကာလပြီးနောက်ပိုင်း အပူချိန်ပြင်းထန်မှုနဲ့အတူ အပူရှပ်ပြီးဖျားနာသူရာနဲ့ချီရှိနေသလို ကိုဗစ်ကပ်ရောဂါကူးစက်မှုကလည်း ဧပြီလကနေ မေလ (၃)ရက်နေ့အထိ (၅၀)ဦး တွေ့ရှိထားတယ်လို့ စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန အချက်အလက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -CJ