ပုလော၊ မေ(၆)

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလမြို့တွင်းမှာ မေ ၄ ရက်နေ့မနက်ပိုင်းက မြို့အတွင်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက် မြို့ပေးမီးစက်လက်နက်ကြီးထိမှန် ပျက်စီးသွားတာကြောင့် တစ်မြို့လုံးမီးပျက်နေတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

အဲဒီနေ့မနက် ၁၁ နာရီလောက်က ပလမြို့ရဲစခန်းထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာ ကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲ အချိန်တစ်နာရီကျော်ကြာ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ မြို့ပေးမီးစက်ဝင်းထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မီးစက် ၃ လုံးထိမှန် ပျက်စီးခဲ့ပါတယ်။

မြို့ပေးမီးစက်ပျက်စီးသွားတာကြောင့် မေ ၅ ရက်နေ့ ညနေပိုင်းအထိ ပလမြို့အတွင်း လျှပ်စစ်မီးပြန်မရသေးသလို ကုမ္ပဏီဘက်ကတော့ မီးပြန်ပေးနိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

မေ(၅)ရက်နေ့ မနက် ၆ နာရီလောက်မှာ ပုလောကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စွဲထားတဲ့နေရာကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က လက်နက်ကြီးနဲ့သွားပစ်လို့ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်နေတာပါ။

ဒါပေမဲ့ အဲဒီတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိမှုကို ဆက်လက်စုံစမ်းနေတယ်လို့ မြိတ်ခရိုင်တပ် ရင်း(၁) ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၃ ရက်နေ့ကလည်း ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတပ်စခန်းကို ဒေသကာကွယ်ရေးပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦး သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.