ညောင်လေးပင်၊ မေ(၆)

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်နဲ့ မုန်းမြို့နယ်ထဲမှာ အာဏာသိမ်းစစ်ကောင်စီတပ်က အရပ်သားပြည်သူ(၁)ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့ပြီး ပြည်သူ(၂)ဦးကိုလည်း ဖမ်းဆီးခဲ့ကာ ညှဉ်းပန်းနှိပ်စက်တာတွေ ပြုလုပ်ခဲ့တယ်လို့ KNU ဗဟိုရဲ့ သတင်းထုတ် ပြန်ချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ မေ(၃)ရက်နေ့ ည(၇)နာရီခွဲအချိန်ခန့်က ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ တံခွန်တိုင်ရပ်ကွက်နေ အသက်(၂၃)နှစ်အရွယ် အမျိုးသားတစ်ဦးဟာ အလုပ်ကနေပြန်လာချိန် နတ်သံကွင်း ဆေးရုံရှေ့မှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ရဲ့ အကြောင်းမဲ့ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပါ ရှိပါတယ်။

ဒါ့အပြင် ဧပြီ(၂၅)ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ် ကျောက်မော်ဘုရားကြီးကျေးရွာက အသက်(၄၀)နှစ်ရှိ အမျိုးသားတစ်ဦးဟာ ရွှေကျင်မြို့ကို ဈေးဝယ်ဖို့အတွက်သွားနေစဉ် လမ်းခရီးမှာစစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးမှု ကိုခံခဲ့ရပြီး ခလရ(၃၄၉)စခန်းကို ပို့ဆောင်ခြင်းခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်က အဲဒီအမျိုးသားကို KNLA တပ်သားတစ်ဦးဖြစ်ပြီး စစ်ကောင်စီကို ဆန့်ကျင်သူဖြစ်တယ်လို့ စွပ်စွဲပြောဆိုကာ စခန်းမှာဖမ်းဆီးချုပ်နှောင်ခဲ့ပြီး တစ်ကိုယ်လုံးကို ဓာတ်ဆီလောင်းမီးရှို့ခဲ့တဲ့အပြင် စစ်ကောင် စီတပ်သားတွေက ကျင်ငယ်ရေတွေနဲ့ ပန်းပြီးမှ မေ(၃)ရက်နေ့မှာ ပြန်လည်လွတ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် မုန်းမြို့နယ် သပြေညွန့်ကျေးရွာက အသက်(၂၂)နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က (၁)လကြာ ဖမ်းဆီးထားပြီး ပြီးခဲ့တဲ့ ဧပြီ(၂၂)ရက်နေ့မှာ အဲဒီလူငယ်အမျိုးသားက စစ်ကောင်စီထံကနေ ပြန် လည်ထွက်ပြေးလွတ်မြောက်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖမ်းဆီးခံအမျိုးသားဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံထားရချိန်မှာ အမျိုးမျိုး ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး အခုအ ချိန်အထိ ဆေးကုသမှုခံယူနေရဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ညောင်လေးပင်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်ဟာ ဒေသခံပြည်သူလူထုအပေါ် ဖမ်းဆီးနှိပ်စက် သတ်ဖြတ် မှုတွေစတဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေကို မကြာခဏဆိုသလို လုပ်ဆောင်နေလျက်ရှိနေတယ်လို့ ကရင်အရပ်ဘက်အဖွဲ့တွေရဲ့ ထုတ်ပြန်ထားချက်အရ သိရှိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.