ဘီးလင်း၊ ဧပြီ(၃၀)

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာ အလုံတောင်အနီးမှာ ဧပြီ ၂၉ ရက်နေ့ မနက် ၇ နာရီအချိန်လောက်က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှု ကော်မတီကနေ သိရပါတယ်။

တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ KNU ဘီးလင်းမြို့နယ်ထဲ နယ်မြေကျူး ကျော် ဝင်ရောက်လာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား နာရီဝက်နီးပါးကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိထားပြီး ပူးပေါင်းတပ်ဖွဲ့က အသာစီးရခဲ့တဲ့အတွက် ထိခိုက်မှုမရှိဘူးလို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ် ကွပ်ကဲမှုကော် မတီ ဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တဆက်တည်း ဧပြီ(၂၉)နေ့လည် ၁၂ နာရီလောက်မှာလည်း ဘီးလင်းမြို့နယ် အဝန်းကြီးကျေးရွာ လမ်းထိပ်မှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်က KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က တင်အင်အား ဖြည့်တင်းတာနဲ့ ကျေးရွာတွေထဲကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်ခဲ့တာကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်း တစ်နာရီကျော်ကြာ လမ်းပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၂ ရက်နေ့ကလည်း အလူးလေးကျေးရွာအနီး ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ်နဲ့KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ဦး သေဆုံးထားပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ဘီးလင်းမြို့နယ် အလူးလေးကျေးရွာကို လက်နက် ကြီး အဆက်မပြတ်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်အရေးကူညီနေသူတွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.