နေပြည်တော်၊ ဧပြီ(၂၇)

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးလာနေတဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းပေါ် စစ်အုပ်စုက ဧပြီတတိယပတ်မှာ မြန်မာ့အရေးကြားဝင်ညှိနှိုင်းပေးနိုင်မယ့် နိုင်ငံတကာအစုအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ ခပ်စိပ်စိပ်တွေ့ဆုံမှုတွေ ရှိလာနေပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၈ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီရဲ့ နိုင်ငံတကာဆက်ဆံရေးဌာန၊ညွှန်ကြားရေးမှူး ချုပ် Peng Xiubin က စစ်အာဏာရှင်ဟောင်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သမ္မတဟောင်း ဦးသိန်းစိန်တို့ကို လာရောက်တွေ့ဆုံမှုတွေရှိခဲ့တယ်ဆိုတဲ့ သတင်းတွေပေါ်ထွက်နေတာပါ။

အဲဒီတွေ့ဆုံမှုမှာတော့ စစ်တပ်အာဏာသိမ်းမှုအလွန်ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအကျပ်အတည်းတွေအပါအဝင် ရွေးကောက်ပွဲကနေတဆင့် အဖြေရှာရေးလမ်းကြောင်းကို ဆွေးနွေးခဲ့တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီအနေနဲ့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ် ၂ နှစ်ပြည့်သည့်တိုင် အကောင်အထည်မဖော်နိုင်ခဲ့တဲ့ အခြေအနေမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ဘန်းကီမွန်း က ဧပြီ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တို့မှာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် သမ္မတဟောင်း ဦးသိန်းစိန်တို့ကို တွေ့ ဆုံခဲ့ပြီး မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ အပြုသဘောဆောင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်ဖို့ တိုက်တွန်းခဲ့တာပါ။

ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းကတော့ စစ်ကောင်စီအနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အကျပ်အတည်းကို စစ်ရေးနဲ့အဖြေရှာဖို့ ကြိုးစားနေတာဖြစ်ပြီး နိုင်ငံတကာကတိုက်တွန်းနေတဲ့ နိုင်ငံရေးဆွေးနွေးမှုကို လုပ်ဆောင်မှာမဟုတ်ဘဲ ယဉ်ကျေးမှုအရနားထောင်တာလို့ ဝေဖန်ပါတယ်။

“သူ့အနေနဲ့ စစ်ရေးနဲ့အဖြေရှာဖို့ ကြိုးစားနေတာဖြစ်တယ်။ စစ်ရေးတည်ငြိမ်မယ်ဆိုရင် ဟန်ပြရွေး ကောက်ပွဲကိုလုပ်ပြီး တရားဝင်အစိုးရအဖြစ် ဆက်အုပ်ချုပ်မှာပေါ့။ သူတို့ရဲ့အကျိုးစီးပွား အသက်အိုးအိမ်စည်းစိမ်ကို အဓိကထားတယ်။ ဒါကြောင့်စစ်ရေးနဲ့ပဲ သူ့မှာရှိသမျှအင်အားနဲ့ ကာကွယ်မယ်။ နိုင်ငံရေးဆွေးနွေးပွဲမှာ ဘယ်လိုမှ သွားမှာမဟုတ်ဘူး။ ဒါကြောင့် နိုင်ငံတကာက ဘယ်လောက်ပဲဖိအားတွေ၊ တောင်းဆိုမှုတွေရှိပါစေ။ ဘယ် ပုဂ္ဂိုလ်က ဘယ်လိုပဲရှိပါစေ။ အဲဒါကို ပုဂ္ဂိုလ်ရေးအရ၊ ယဉ်ကျေးမှုအရပဲ နားထောင်တာရှိမယ်။ လက်တွေ့မှာ ဘယ်လိုမှ သူ့အနေနဲ့ အကောင်အထည်ဖော်ဖို့ လက်ခံဖို့ အဆင်သင့်မဖြစ်ဘူး”လို့ သူက ဆိုပါတယ်။

ဒါပေမယ့် စစ်အုပ်ချုပ်ရေးယန္တာရားတည်ငြိမ်ပြီး ရွေးကောက်ပွဲကနေ အစိုးရသစ်တက်လာတဲ့ အချိန်ခါမျိုးမှာ တွေ့ဆုံဆွေးနွေးရေးကို စဉ်းစားနိုင်လိမ့်မှာဖြစ်ပြီး လက်ရှိတိုင်းပြည်ဟာ တစ်နေ့ထက်တစ် နေ့ ပိုမိုဆူပူလာတဲ့အခြေအနေမှာ စစ်ကောင်စီအနေနဲ့ စစ်ရေးနဲ့သာ ဖြေရှင်းသွားလိမ့်မယ်လို့ ဦးဖေသန်းက သုံးသပ်တာပါ။

မစ္စတာဘန်ကီမွန်းကတော့ စစ်ခေါင်းဆောင်နဲ့တွေ့ဆုံစဉ် အကြမ်းဖက်မှုရပ်တန့်ရေးလမ်းကြောင်းကို ရှာဖွေဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းကို ပြန်သွားဖို့ အားလုံးပါဝင်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ဖို့ တိုက်တွန်းခဲ့တယ်လို့ ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလကတော့ နိုင်ငံတကာ ကိုယ်စား လှယ်တွေဟာ စစ်ကောင်စီကို ယဉ်ကျေးအောင်ချော့မြူနိုင်ဖို့ ကြိုးစားနေဟန်ရှိပြီး အရင်စစ်အစိုးရ အဆက်ဆက်မှာလည်း ဒီလိုပုံသေနည်းနဲ့ ချဉ်းကပ်ခဲ့လို့ မြန်မာနိုင်ငံမှာစစ်အာဏာရှင် သက်ဆိုးရှည်နေတာလို့ တုံ့ပြန်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကလည်း နှစ်ဖက်အဖွဲ့အစည်းကြားမှာ ရပ် တည်ချက် အတွေးအခေါ်တွေဟာ ထိပ်တိုက်ကြီး ဆန့်ကျင်နေတဲ့အတွက် လက်ရှိမှာတွေ့ဆုံဆွေး နွေးရေးဖြစ်နိုင်ဖို့ မှန်းလို့မရဘူးလို့ သုံးသပ်ပါတယ်။

“လက်ရှိအနေအထားမှာတော့ စစ်ကောင်စီဘက်ကလည်း ၂၀၀၈ ခြေဥ ပျက်ချင်ပျက်ပါစေဆိုတဲ့ ပုံစံမျိုး လုပ်မယ့် သဘောတော့ အခုချိန်အထိ မတွေ့ရသေးဘူး။ တစ်ဖက်အင်အားစုကလည်း ၂၀၀၈ ရှိရင်ရှိပါစေ၊ ၂၀၀၈ အောက်ကနေပဲ အရင်လို ၂၀၁၀ ရွေးကောက်ပွဲလိုမျိုး ဒီမိုကရေစီအသွင်ကူး ပြောင်းရေးကို ၂၀၀၈ အောက်ကနေ လုပ်ပါမယ်ဆိုတဲ့ဟာ လက်ခံသွားမယ့် အနေအထားလည်းရှိမနေဘူး။ အထူးသဖြင့် NUG နဲ့ လူမျိုးစုအဖွဲ့ အစည်းတွေ သူတို့ရပ်တည်ချက်က အဲဒီလိုမျိုးရှိနေတာ။ ဆိုတော့ ရပ်တည်ချက်၊ အတွေးအခေါ်ဆိုင်ရာတွေက ထိပ်တိုက်ကြီး ဆန့်ကျင်နေကြတဲ့အတွက် လက်ရှိမှာ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ဟာ လတ်တလောမှာ ဖြစ်နိုင် မယ်လို့ မှန်းလို့မရဘူး”လို့ သူက ဆိုပါတယ်။

စစ်ကောင်စီနဲ့ တော်လှန်ရေးအင်းအားစုတို့ကြား တစ်ဖက်ဖက်ကနေ စစ်ရေးတိုက်ပွဲတွေဖော်ဆောင်ဖို့ အင်အားချိနဲ့ ယုတ်လျော့လာတဲ့အချိန်ကျမှသာ သူလျှော့၊ ကိုယ်လျှော့ပုံစံမျိုးနဲ့ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းဖြစ်လာနိုင်မယ့် အခြေအနေမျိုးလို့ ဒေါက်တာစိုင်းကြည်ဇင်စိုးက ထောက်ပြပါတယ်။

စစ်ကောင်စီအနေနဲ့ အာဏသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာရှုတ်ချမှုတွေ၊ တိုက်တွန်းတောင်းဆိုမှုတွေ ဒဏ် ခတ်ပိတ်ဆို့မှုတွေနဲ့အတူ တော်လှန်ရေးအင်အားစုတွေနဲ့ ရင်ဆိုင်နေရတဲ့ လက်နက်ကိုင်တိုက်ပွဲတွေမှာလည်း တပ်အင်အား ပြုန်းတီးတာတွေ ရှိလာနေတာ ဖြစ်ပါတယ်။

အခုလို မြေပြင်တိုက်ပွဲတွေမှာ အရေးနိမ့်လာနေတဲ့ စစ်ကောင်စီတပ်ဟာ စစ်ရေးပြင်းထန်တဲ့ ဒေသတွေမှာ အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာပါ။

တစ်ဖက်မှာလည်း စစ်တပ်အာဏာသိမ်းမှုအလွန် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၈ ခုရှိ မြို့နယ် ၄၄ ခုမှာ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားပြီး နိုင်ငံရဲ့သုံးပုံတစ်ပုံကျော်မှာလည်း မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့တစ်ကျော့ပြန် အာဏာသိမ်းမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေ ၁ ဒဿမ ၅ သန်းနီးပါးရှိလာပြီလို့ ဧပြီ ၁၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.