ကန့်ဘလူ – ဧပြီ(၂၆)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ အုပ်စုက ကျေးရွာ(၃) ရွာကို စစ်ကောင်စီ တပ် တွေ မီးရှို့ဖျက်ဆီးပြီးနောက် ကျေးရွာမှာနေထိုင်တဲ့ ပြည်သူ (၁၅) ဦးထက်မနည်းကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

စစ်ကောင်စီက ပဇီကြီး၊ချောင်းသာနဲ့ လေးတွင်းစဉ် ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဒေသခံတွေရဲ့ ပစ္စည်းတွေကို ယူဆောင်တာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အဲဒီကျေးရွာတွေမှာရှိတဲ့ နေအိမ်တော်တော် များများ ပျက်စီးသွားခဲ့ပြီး ဘယ်လောက်ထိခိုက်သွားတယ်ဆိုတာကိုတော့ နယ်မြေအခြေအနေ ကြောင့် မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီတပ်ဖမ်းဆီးသွားတဲ့ လေးတွင်းစဉ်ရွာသား (၁၅) ဦးထဲက (၃) ဦးပြန် လည်လွတ်မြောက်လာတယ်လို့ သိရပြီး ဘယ်လို လွတ်မြောက်လာတယ်ဆိုတာနဲ့ကျန်ရှိနေ တဲ့သူတွေရဲ့အခြေအနေကို မသိရသေးဘူးလို့ သူကပြောပါသေးတယ်။

စစ်ကောင်စီရဲ့ အင်အား(၂၀၀) ကျော်ပါတဲ့ စစ်ကြောင်းကြောင့် မလည်တိုက်နယ်က ကျေးရွာ (၈) ရွာကျော်ထွက်ပြေးနေရပြီး ဒေသခံ(၈၀၀၀) ကျော်ထွက်ပြေးနေရကာ အကူအညီတွေလိုအပ် နေတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောပါတယ်။

“ပြေးတာက ကွင်းပြင်ထဲမှာ အမိုးအကာကလည်းမရှိဘူး။ ရာသီဥတုကလည်းတော်တော်ပူတယ်။ ခုကကျန်းမာရေးမကောင်းတဲ့ လူတွေလည်းများလာပြီ။ အများစုက ရေဓာတ်ခမ်းလို့ မလှုပ်ချင် တာနဲ့ ရာသီဥတုပူပြင်းတာကြောင့် ကလေးငယ်တွေ အဖုအပိန့်တွေနဲ့ နေမကောင်းတာတွေဖြစ်နေ ကြတယ်။” လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတစ်ဦးကပြောပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေအတွက် ဆေးဝါးနဲ့ အမိုးအကာတွေ အဓိက လိုအပ်နေပြီး ရေရှား ပါးမှုနဲ့ ရာသီဥတုပူပြင်းတာကြောင့် သောက်သုံးရေ အခက်အခဲများစွာ ရင်ဆိုင်နေရ တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ(၁၁) ရက်နေ့က ပဇီကြီးကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ (၁၆၀) ကျော်သေဆုံးထားသလို ဧပြီလ(၁၉) ရက်နေ့ကစပြီး မလည်တိုက်နယ်ကို စစ်ကြောင်းထိုး နေတာကြောင့် ပြည်သူတွေထွက်ပြေးနေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ(စစ်ကောင်စီ ဗုံးကြဲထားတဲ့ ပဇီကြီးကျေးရွာအခြေအနေ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.