သထုံ၊ ဧပြီ(၂၃)
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ မြိုင်ကလေးကျေးရွာ ဘားအံ-သထုံကားလမ်းပေါ်မှာ ဧပြီ ၂၂ ရက်နေ့ မနက်ပိုင်းက ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသ ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီနေ့ မနက် ၁၁ နာရီအချိန်လောက်မှာ ဘားအံဘက်ကနေ သထုံဘက်ကို မောင်းနှင်လာတဲ့ အိမ်စီးကားတစ်စီးဟာ မြိုင်ကလေးကျေးရွာ ရွာကြီးပိုင်းဘက် ကားလမ်းပေါ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။
ကားဗုံးပေါက်ကွဲမှုကြောင့် ကားပေါ်ပါ အမျိုးသားတစ်ဦးမှာ ဦးခေါင်းပြတ်ထွက်၊ ခန္ဓာကိုယ်ကြေမွဒဏ်ရာတွေနဲ့သေဆုံးသွားပြီး သေဆုံးသူဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဒေသခံတွေအဆိုအရ ကားဗုံးပေါက်ကွဲပြီးနောက် ကားပေါ်ပါလာတဲ့ အမျိုးသား ၂ ဦးမှာလည်း ထွက် ပြေးသွားတယ်လို့ ဆိုကြပေမယ့် အသေးစိတ်မသိရသေးပါဘူ။ကားဗုံးပေါက်ကွဲမှု နေရာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်စစ်ဆေးတာတွေ လုပ်ဆောင်သွားပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက မြိုင်ကလေးဆေးရုံသို့ ပို့ဆောင်ပေးထားတာပါ။
ဘားအံ-သထုံကားလမ်းပေါ်မှာ ကားဗုံးပေါက်ကွဲမှုဖြစ်ပြီး လူသေဆုံးတာဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး အရင်က အဲဒီလိုဖြစ်ပွားတာမရှိဘူးလို့ ဒေသခံတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ