မော်လမြိုင်၊ ဧပြီ(၂၂)

မွန်ပြည်နယ်မှာတော့ သင်္ကြန်မတိုင်မီကာလကတည်းက အမြင့်ဈေးမှာပဲရှိခဲ့တဲ့ ဆန်ဈေးနှုန်းဟာ သင်္ကြန်ကာလအလွန် ဝယ်လိုအားများလာတာကြောင့် ဈေးနှုန်းထပ်မံမြင့်တက်လာတယ်လို့ ဆန်ကုန်သည်တွေနဲ့ ဆန်စက်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဆန်ဈေးနှုန်းဟာ သင်္ကြန်ပွဲတော်မတိုင်မီ ဧပြီပထမပတ်အတွင်း ပေါ်ဆန်းတစ်အိတ်ကို ကျပ် ၇၂,၀၀၀ ဝန်း ကျင်သာရှိရာကနေ သင်္ကြန်ကာလအလွန် တစ်အိတ်ကို ကျပ် ၇၆,၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာတာပါ။

ဒါ့အပြင် ပေါ်ကျွဲဆန်ကလည်း တစ်အိတ်ကို ကျပ် ၆၃,၀၀၀ ဝန်းကျင်ကနေ ကျပ် ၆၈,၀၀၀ အထိ အ မျိုးအစား အပေါ်မူတည်ပြီး တစ်အိတ်ကို ကျပ် ၃,၀၀၀ ကနေ ၅,၀၀၀ လောက်အထိ မြင့်တက်ခဲ့ပါတယ်။

ဆန်ကြမ်းအုပ်စု ဧည့်မထကလည်း အမြင့်ဈေးမှာပဲ ဆက်ရှိနေတာပါ။

ဆန်ဈေးနှုန်းတွေဟာ စပါးလက်ကျန်နည်းပါးလာတာအပြင် သင်္ကြန်ပိတ်ရက် ရှည်သွားတာကြောင့် ဈေးကွက်ပြန်ဖွင့်ချိန်မှာ ဝယ်လိုအားများနေတဲ့အတွက် ဈေးနှုန်းမြင့်တက်လာတာဖြစ်တယ်လို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။

“သင်္ကြန်မတိုင်ခင်က ဈေးပေါ့နော်။ သင်္ကြန်တွင်းမှာက ပိတ်ရက်တွေရှည်တော့ ရွှေဘိုပေါ်ဆန်းတို့ဘာတို့ကတော့ သိသိသာသာ တက်တယ်လို့ပြောတယ်။ ဒီဘက်အကြမ်းတွေကျတော့ တအားသိသိသာသာ မတက်ပါဘူး၊ တက်တာက ဝယ်လိုအားနဲ့ ရောင်းလိုအားကြောင့်ပေါ့။ ဒါက ဝယ်လိုအားနဲ့ ရောင်းလိုအားသီအိုရီအရပေါ့။ ဝယ်လိုအားနဲ့ ရောင်းလိုအားက ရောင်းလိုအားများရင်တော့ ကျမှာပေါ့။ ဝယ်လိုအားများရင် တက်တာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် ဆန်တွေဟာ သင်္ကြန်ကာလအတွင်း အလှူအတန်းတွေကြောင့် ဝယ်လိုအားများပြီး ဈေး နှုန်းမြင့်တက်ခဲ့သလို ဆန်ဆိုင်အများစု ပိတ်ထားတာကြောင့်လည်း ဖွင့်တဲ့ဆိုင်တွေက တက်ဈေးနဲ့ စိတ်ကြိုက်ရောင်းချတာတွေရှိတယ်လို့ သိရပါတယ်။

ဆန်စက်လုပ်ငန်းရှင်တစ်ဦးကလည်း ဆန်ဈေးနှုန်းဟာ မိုးစပါးလက်ကျန်မရှိတော့တာ၊ နွေစပါး ထွက်ရှိပေ မယ့်လည်း အမြင့်ဈေးနှုန်းမှာပဲ ဆက်ရှိနေတာကြောင့် ဈေးနှုန်းတွေထပ်မံမြင့်တက်လာရတာ ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စပါးမရှိတာနဲ့လည်း ဆိုင်တယ်လေ၊ လယ်သမားတချို့ တစ်အိမ်တစ်အိမ်ကို ဝမ်းစာလောက်ပဲ ကျန်တော့ တယ်။ အဲဒီမှာ စပါးနည်းလာလို့လည်းဖြစ်မယ်။ ပြီးတော့ လယ်သမားကတော့လည်း ဘယ်သူမှ မရောင်း ချင်တော့ဘူးလေ။ အခုဆို (၂၀) ကျော်နေတယ်။ ပေါ်ဆန်းမွှေးတို့ဘာတို့ဆို (၂၂)သိန်းရှိတယ်။ (၂၂)သိန်း (၂၃)သိန်း၊ အဲဒီမှာပေါင်နဲ့ စကားပြောတာပေါ့။ ပေါင်များရင် ဈေးကပြန်များလာတယ်။ နွေစပါးက ထွက်တော့ ထွက်နေတယ်။ ဒါပေမယ့် သူလည်ဈေးကောင်းတယ်။ နွေးစပါးတောင်မှ (၁၇)သိန်းရှိတယ်လေ။ ဘယ်လိုမှ ကြိတ်လို့ အဆင်မပြေဘူး။ စပါးကလည်းစိုတာနဲ့တိုက်ရတာနဲ့ လှမ်းရတာနဲ့ အဲဒါဘာမှမလုပ်ဘူး။ မလုပ်ရင် အကောင်းဆုံးဆိုတော့ အဲဒါကြောင့် ဘာမှတော့မလုပ်တော့ဘူး”လို့ ဆိုပါတယ်။

ဒါ့အပြင် ပြည်နယ်တွင်း စပါးတွေဟာ အခုကာလမှာ ဝယ်ယူရခက်ခဲတာအပြင် ဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် ဆန်းစက်တချို့ ရပ်နားထားရသလို စပါးလက်ကျန်နည်းလာတာနဲ့အမျှ ဈေးနှုန်းထပ်တက်လာနိုင်တယ်လို့ ဆန်စက်လုပ်ငန်းရှင်တွေက သုံးသပ်ပါတယ်။

တဖက်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေတဲ့ လျှပ်စစ်မီးမမှန်တာ၊ စက်သုံးဆီဈေး နှုန်း ကြီးမြင့်နေတာ၊ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်မားနေတာအပြင် အထွေထွေကုန်ကျစရိတ်နဲ့ ထုတ်လုပ်မှုစရိတ်ကြီးမြင့်မှုကြောင့် ထင်တာထက် ဈေးနှုန်းပိုမိုမြင့်တက်လာနိုင်တယ်လို့ ဆိုကြပါတယ်။

ဆန်ဈေးနှုန်းဟာ စစ်တပ်အာဏာမသိမ်းခင် NLD အစိုးရ လက်ထက်က ပေါ်ဆန်မွှေးတစ်အိတ်ကို ကျပ် ၃၀,၀၀၀ ဝန်းကျင်သာရှိခဲ့သလို ပေါ်ကျွဲဆန်ကလည်းကျပ် ၂၉,၀၀၀ ဝန်းကျင်သာရှိခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက် ဈေးနှုန်း၂ ဆကျော် မြင့်တက်လာပြီး နေရာဒေသတချို့မှာ ဝယ်ယူရခက်ခဲလာတဲ့ အခြေအနေနဲ့ပါ ရင်ဆိုင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.