ရန်ကုန် ၊ ဧပြီ (၂၂)

တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းမှုအောက်မှာ ပူပြင်းခြောက်သွေ့လာတဲ့ နွေရာသီကာလအတွင်း လျှပ်စစ် မီးဟာ တစ်နေ့ထက်တစ်နေ့ ဆိုးဝါးစွာပြတ်တောက်လာတာကြောင့် လုပ်ငန်းခွင်နဲ့ နေ့စဉ်ဘဝမှာ ပိုမိုဒုက္ခကြုံလာရတယ်လို့ ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးတဲ့ ၂ နှစ်ကျော်ကာလအတွင်း တိုင်းနဲ့ပြည်နယ်အသီးသီးက နေရာအနှံ့မှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကနေ ဓာတ်အားဖြန့်ဖြူးပေးတဲ့ လျှပ်စစ်မီးဟာနာရီနဲ့ချီ ပြတ်တောက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာပါ။

လျှပ်စစ်မီးဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၄ နာရီ အချိန်ပြည့်မရရှိတော့ဘဲ အချိန်ပိုင်းနဲ့အလှည့်ကျ ဖြန့်ဝေပေးမယ်လို့ ကြေညာထားပေမယ့် ဒီကနေ့အထိ အချိန်မှန်ကန်မှုမရှိသလို ဆိုးဆိုး ဝါးဝါး လျှပ်စစ်မီးပြတ်တောက်လာတာကြောင့် ပြည်သူတွေ အခက်ကြုံနေရတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်ဒေသခံတစ်ဦးကတော့ လျှပ်စစ်မီးဟာ လူအိပ်ချိန် ည ၁၂ နာရီမှာသာလာပြီး ၃ နာရီဝန်းကျင်သာရရှိတဲ့အတွက် ရေတင်ဖို့အပါအဝင် ရာသီဥတုပူပြင်းတဲ့အတွက် ပန်ကာဖွင့်ဖို့လျှပ်စစ်မီးမရရှိတာကြောင့် အတော်ပူလောင်ရတယ်လို့ သံလွင်တိုင်မ်းကို ပြောပါတယ်။

“အခုဆိုလို့ရှိရင် ၃ နာရီလောက်ပဲ လာတော့တယ်။ ညတုန်းကတောင်မှာ ၁၂ နာရီကနေ့ ၃ နာရီအထိပဲ လာတော့တယ်။ လူအိပ်တဲ့အချိန်လာတော့လေ ရေတွေ၊ ဘာတွေတင်ရတာ အဆင်မပြေဘူး။ အိပ် မောကျနေတဲ့ အချိန်မှာမေ့သွားလို့ရှိရင် ရေပြတ်တာ ဘာတွေရှိတယ်။ ရာသီဥတုကလည်း ပူပြင်းလာတော့ ပန်ကာကလည်း ဖွင့်မရ၊ လျှပ်စစ်မီးကလည်း ချိတ်လို့မရလို့ ပူတာပေါ့။ အရမ်းပူတယ်၊ ဒီနယ်မှာ အတော်ပူတယ်။ ရန်ကုန်မှာ ပူတာနဲ့တောင် အတူတူပဲ၊ နယ်မှာလည်း ခြစ်ခြစ်တောက်ပူတယ်။ မီးမရတော့ ပန်ကာတွေလည်း ဖွင့်မရတော့ဘူး” လို့ သူက ဆိုပါတယ်။

လျှပ်စစ်မီးဆိုးဝါးစွာ ပြတ်တောက်လာတာကြောင့် ပြည်သူတွေဟာ ချက်ပြုတ်ရာမှာ ထင်း၊ မီးသွေးနဲ့ ဂက်စ်တွေအပြင် ညဘက်တွေမှာလည်း အားသွင်းမီးလုံးနဲ့ ဖယောင်းတိုင်းမီးတွေကိုပါ အသုံးပြုလာရသလို တစ်နိုင်တပိုင်လုပ်ငန်းတွေကလည်း မီးစက်တွေကို အားထားအသုံးပြုနေရတာပါ။

မော်လမြိုင်မြို့မှာလည်း သင်္ကြန်မတိုင်ခင်က လျှပ်စစ်မီးကို အုပ်စု ၃ စု ခွဲပြီး တစ်ကြိမ်မှာ ၂ နာရီနဲ့ တစ်ရက်မှာ ၄ ကြိမ် အလှည့်ကျ လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးတဲ့အတွက် တစ်ရက်ကို လျှပ်စစ်မီး ၈ နာရီသာရရှိရာကနေ လက်ရှိမှာတော့ အချိန်အတိအကျ မရရှိတော့ဘူးလို့ မြို့ခံတွေက ဆိုကြပါတယ်။

SME လုပ်ငန်းရှင်တစ်ဦးကလည်း လျှပ်စစ်မီး ပိုမိုပြတ်တောက်လာတဲ့အတွက် ၁၀၀ ရာခိုင်နှုန်းနီးပါး မီးစက် မောင်းနေရတာကြောင့် အထွေထွေကုန်စရိတ် ကြီးမြင့်လာပြီး အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုဆိုရင် ၁၀၀ ရာခိုင်နှုန်းနီးပါး မီးစက်မောင်းလာတာတွေ ရှိလာတယ်။ အဲဒီတော့ မီးစက်ဆီဖိုးက အရင်ကထက်ကို ပိုကုန်လာတယ်။ သင်္ကြန်မတိုင်ခင်ကာလရဲ့ နည်းနည်းလေး အဆင်ပြေခဲ့တယ်၊ မဆိုသလောက်လေး အဆင်ပြေခဲ့တယ်။ ဒါပေမယ့် အခုကာလမှာတော့ ပြန်ပြီးကျပ်တည်းသွားတယ်။ မီးပျက်တာက အရင်ကဆိုရင် အချိန်အတိအကျနဲ့ပျက်တာ။ ၃ နာရီပျက်ပြီး ၃ နာရီပြန်လာတယ်။ အခုကျတော့ အဲဒီလိုမဟုတ်ဘူး။ ပျက်ချင်တဲ့အချိန် ပျက်တယ်။ ပြန်လာချင်တဲ့အချိန် ပြန်လာတယ်။ လျှပ်စစ်မီးကို အားကိုးပြီးတော့ လုပ်နေရတဲ့ လုပ်ငန်းဖြစ်တာကြောင့် အမြဲတမ်းမီးစက်နှိုးထားရတယ်။ အဲဒါကြောင့်စရိတ်တွေ ပိုထောင်းလာတယ်။ မီးပျက်တဲ့အတွက် ပိုပြီးတော့ကျပ်တည်းလာတာပေါ့ဗျာ”လို့ သူက ဆိုပါတယ်။

လက်ရှိမှာလည်း ရာသီဥတုပူပြင်းလာမှုကြောင့် လူထုတွေရဲ့ နေ့စဉ်ဘဝမှာ သောက်သုံးရေအပါအဝင် ဆေးကြောသန့်စင်ဖို့နဲ့ ချက်ပြုတ်ဖို့လိုအပ်တဲ့ ရေကလည်း ခမ်းခြောက်လာနေပြီး ရန်ကုန်မြို့ကြီးမှာတောင် လျှပ်စစ်မီးပြတ်တောက်မှုဟာ နာရီနဲ့ချီခပ်စိပ်စိပ်ဖြစ်ပေါ်နေတာပါ။

ရန်ကုန်မြို့နေပြည်သူတစ်ဦးကတော့ လျှပ်စစ်မီးပျက်ပြီး အပူချိန်ကလည်း တိုးလာနေတဲ့အတွက် ညဘက် ပူပူလောင်လောင်နဲ့ အိပ်ရသလို ချက်ပြုတ်ရေးမှာလည်း မီးသွေးဖိုနဲ့ချက်ရတာကြောင့် ကုန် ဈေးနှုန်းကြီးမြင့်မှုနဲ့အတူ အပိုဝင်ငွေကုန်တယ်လို့ ဆိုပါတယ်။

“မီးပျက်တာတော့ တော်တော်တော့ အဆင်မပြေဘူး။ ညဘက်တွေ (လျှပ်စစ်မီး) ဖျက်ရင်ပိုဆိုးတယ်။ ညီမတို့က ရုံးကနေအိမ်ပြန်ရတာမို့ မီးပျက်ရင်ပိုပြီးပင်ပန်းတယ်။ ညဘက်အိပ်ရတာလည်း ပူပူလောင်လောင်နဲ့ အိပ်ရတာရှိတယ်။ အပူချိန်က များလာတာနဲ့အမျှ မီးက ပိုပိုပြီးပြတ်လာချိန်မှာ တစ်ချို့ညတွေဆို အိပ်လို့တောင် မရဘူး။ အိပ်နေရင်းနဲ့ အရမ်းပူလာလို့ ချွေးတွေထွက်လို့ ချွေးနဲ့ပြန်ပြီး အအေး ပတ်ပြီးတော့ ညီမဆိုဖျားသွားတဲ့ နေ့တွေရှိတယ်။ ချက်တာပြုတ်တာတွေဆိုလည်း အိမ်ကအမေဆို အဆင်မပြေဘူး။ မီးမလာတော့ မီးသွေးနဲ့ချက်တော့ အပိုဝင်ငွေကုန်တယ်။ ကုန်ဈေးနှုန်းတွေကလည်း ကြီးမြင့်နေချိန်မှာ အပိုဝင်ငွေကုန်တာမျိုးတွေ ဖြစ်တယ်။ မီးပျက်တာ အကုန်လုံးအဆင်မပြေဘူး။ ရုံးအတွက်ဆိုလည်း အဆင်မပြေဘူး”လို့ သူက ဆိုပါတယ်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းကတော့ နွေရာသီရောက်ရှိလာပြီဖြစ်တာကြောင့် ရေအားလျှပ်စစ်စက်ရုံကြီးတွေက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မှု လျော့ကျတာ၊ လျှပ်စစ် ဓာတ်အားပို့လွှတ်တဲ့ မဟာဓာတ်အားလိုင်းတွေနဲ့ လုံခြုံရေးကြောင့် တာဝါတိုင်တွေ ပြုပြင်ခြင်းလုပ်ငန်းမှာလည်း အချိန်ကြာမြင့်တဲ့အတွက် အရေးပေါ်ဝန်အားလျှော့တာလို့ ထုတ်ပြန်ပါတယ်။ရန်ကုန်မြို့ခံတစ်ဦးကလည်း စစ်ကောင်စီအနေနဲ့ ဗုံးပေါက်ကွဲမှုအကြောင်းပြချက်နဲ့ လျှပ်စစ်မီးကို လုပ်ချင်သလို လုပ်နေပြီး အာဏာသိမ်းစစ်တပ်အောက်မှာနေနေသရွေ့ ပြည်သူတွေ လူ့သက်တမ်းရှည်မှာမဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“သူတို့က (စကစ) နိုင်ငံရဲ့အာဏာကို လက်ရှိမှာရယူထားတယ်။ ဘယ်လိုပဲ ယူယူ ၊ အာဏာသိမ်းတယ် ပြောပြော၊ ထိန်းတယ်ပြောပြော။ ကိုယ်အာဏာရယူထားရင် ကိုယ်လုပ်ဆောင်ရမယ့်အရာတွေကို တိတိကျကျ လုပ်ပေး။ ဟိုနေရာဗုံးကွဲလို့ဘာလို့ အဲဒါနဲ့မဆိုင်ဘူး။ ဒီလျှပ်စစ်က အခုဘယ်လိုဖြစ်လဲဆို လျှပ်စစ်ကို သူတို့လုပ်ချင်သလိုလုပ်မယ်။ ပျက်ချင်တဲ့အချိန်ပျက်မယ်၊ လာချင်တဲ့အချိန်လာမယ်။ ပြည်သူတွေက စိတ်မဝင်စားဘူး။ အဲဒီလို ဖြစ်သွားတာ။ အဲဒါကြောင့်မို့ ကျွန်တော်ပြောချင်တာ ဒီအာဏာသိမ်းစစ်တပ်အောက်မှာ နေနေသရွေ့က ကျွန်တော်တို့ လူ့သက်တမ်းကတော့ ရှည်မှာမဟုတ်ဘူး”လို့ သူက ဆိုပါတယ်။

တစ်ဖက်မှာတော့ ၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် စစ်ကောင်စီရဲ့ ကာကွယ်ရေးအသုံးစရိတ် ကျပ်ဘီ လီယံ ၅၆၀၀ ကျော်အထိ ခွင့်ပြုပေးခဲ့ပေမယ့် နိုင်ငံနဲ့ ပြည်သူအတွက် မဖြစ်မနေလိုအပ်နေတဲ့ လျှပ်စစ်စွမ်းအား အသုံးစရိတ်ကိုတော့ ကျပ် ၆၈၂ ဘီလီယံကျော်သာ ခွင့်ပြုထားတယ်လို့ ပြည်ထောင် စုရဲ့ ဘဏ္ဍာငွေအရအသုံးဆိုင်ရာဥပဒေမှာ ဖော်ပြပါတယ်။

စစ်ကောင်စီ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနကတော့ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနဲ့ သုံးစွဲမှုမမျှတနေတာကို တတ်နိုင်သလောက် လူထုရဲ့ လိုအပ်ချက်ကိုထိန်းညှိပြီး ဖြန့်ဖြူးပေးနေရသလို ၂၀၂၅ ခုနှစ်မှာ လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိအောင် ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.