ပုလော၊ ဧပြီ(၂၂)
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့၊ အမှတ်(၁)ရပ်ကွက်မှာ ဧပြီ ၂၁ ရက်နေ့ ညနေပိုင်းမှာ မီးလောင်မှုဖြစ် ပွားခဲ့တဲ့အတွက် နေအိမ်အလုံး ၂၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မီးလောင်မှုဟာ အဲဒီနေ့ ညနေ ၃ နာရီလောက်က ပုလောမြို့ အမှတ်(၁)ရပ်ကွက်နေ ဒေါ်ချိုချိုထွေးနေအိမ်နောက်ဘေးမီးဖိုချောင်ကနေ မီးစတင်လောင်းကျွမ်းခဲ့တာ ဖြစ်ပါတယ်။
မီးလောင်မှုကြောင့် နေအိမ် ၂၀ ကျော် မီးလောင်ပျက်စီးသွားပြီး ပျက်စီးသွားတဲ့နေအိမ်တွေဟာ ပျဉ်ထောင်၊ ဓနိမိုးနေအိမ်တွေဖြစ်တယ်လို့ သိရပါတယ်။
မီးလောင်မှုအတွင်း မီးဝိုင်းဝန်းငြိမ်းနေတဲ့ အမျိုးသားတစ်ဦး မီးစထိမှန်ဒဏ်ရာရရှိခဲ့တဲ့အတွက် ထား ဝယ်ဆေးရုံသို့ ပို့ဆောင်ထာားတယ်လို့ ဆိုပါတယ်။
မီးလောင်မှုကြောင့် မီးဘေးသင့်ပြည်သူ ၇၀ ကျော်ကို နီးစပ်ရာဆွေမျိုးနေအိမ်တွေနဲ့ ဘုန်းကြီး ကျောင်းတွေမှာ ယာယီပြောင်းရွှေ့ပေးထားတယ်လို့ သိရပါတယ်။
မီးလောင်မှုကို ပုလောမြို့နယ် မီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်နဲ့ပြည်သူတွေ ဝိုင်းဝန်းကူညီငြိမ်းသတ်ခဲ့လို့ မီးလောင်ပြီး တစ်နာရီကျော်အကြာမှာ မီးငြိမ်းသတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ- CJ