ထားဝယ်၊ ဧပြီ(၂၂)
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဆိတ်ချောင်းနဲ့ညောင်ချောင်းကျေးရွာက ဒေသခံ ၂၀ နီးပါးကို စစ်ကောင်စီ စစ်ကြောင်းကနေ လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်လို့ ထားဝယ်အရှေ့တော PDF တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ထားဝယ်မြို့နယ်ကနေ မေတ္တာမြို့ဘက်ကို တပ်ချိန်းဖို့လာတဲ့ တပ်အင်အား ၂၀၀ ကျော်ပါဝင်တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဧပြီ ၂၀ ရက်နေ့မှာ သူတို့ချီတက်ရာ လမ်းတလျှောက် ကျေးရွာတွေက ဒေ သခံ ၂၀ နီးပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားခဲ့တာပါ။
စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတဲ့ ဒေသခံတွေဟာ ဆိတ်ချောင်းနဲ့ ညောင်ချောင်းကျေးရွာက ဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။
တပ်ချိန်းဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ဖို့ စီစဉ်ခဲ့ပေမယ့် ဒေသခံပြည်သူတွေကို လူသားဒိုင်းအဖြစ်ဖမ်းဆီးပြီး ချီတက်လာတာကြောင့် နောက်ဆုတ်ပေးခဲ့ရတယ်လို့ ထားဝယ်အရှေ့တော PDF တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတဲ့ ဒေသခံတွေဟာ ကရင်တိုင်းရင်းသားတွေဖြစ်ပြီး အမျိုးသား၊ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေပါ ပါဝင်ပြီး လက်ရှိအချိန်အထိ ပြန်မလွတ်လာသေးဘူးလို့ သိရပါတယ်။
ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်နေ့ မနက်ပိုင်းမှာ ထားဝယ်မြို့နယ် ပကာရီဒေသခံ ၁၀ ဦးကို ဖမ်းဆီးစစ်ဆေးပြီးနောက် နေ့လည်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တာပါ။
ထားဝယ်မြို့နယ်ထဲမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင် အားစုတို့ကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဟာ ကျေးရွာတွေထဲ လက်နက်ကြီးပစ်ခတ်တာ၊ ဒေသခံတွေကို ပေါ်တာအဖြစ်ဖမ်းဆီးတာနဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးတာတွေ ဆက်တိုက်ကျူးလွန်နေတာပါ။
သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ- Social Media (ပုံဟောင်းဖြစ်ပါသည်)