နေပြည်တော်၊ ဧပြီ(၂၂)

စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ဧပြီ ၂၀ ရက်နေ့မှာ ကြေညာပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီပြဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၉ အရ မှတ်ပုံတင်ခွင့်ပြုခဲ့တာဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ မှတ်ပုံတင်အမှတ်မှာ (၁) ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပြဌာန်းပြီး ရက်ပိုင်းအတွင်း ပါတီဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ကို စစ်ကောင်စီ UEC ထံ ဖေဖော် ဝါရီ ၁ ရက်နေ့မှာ ပထမဦးဆုံး လာရောက်လျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့်ပါတီအဖြစ် မှတ်ပုံတင်ခွင့်ကျလာတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ ဖြိုးရေးပါတီဟာ ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ နှစ်ရက်ကြာပြုလုပ်ခဲ့တဲ့ ပါတီရဲ့တတိယအကြိမ်ညီလာခံမှာ ပါတီထိပ်ပိုင်းရာထူးတွေ အပြောင်းအလဲ ပြုလုပ်ထားပါတယ်။

ပါတီဥက္ကဋ္ဌအဖြစ် ၂၀၂၁ ခုနှစ် တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ရဲချုပ်ဟောင်း ဦးခင်ရီနဲ့ ဒုဥက္ကဋ္ဌ (၁) အဖြစ် စစ်တပ်အရာရှိဟောင်း ဦးမျိုးဇော်သိန်းက တာဝန်ယူထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီကတော့ သူတို့ကျင်းပပေးမယ့်ဆိုတဲ့ ပါတီစုံဒီမိုကရေစီစနစ် ရွေးကောက်ပွဲအတွက် ပြီးခဲ့တဲ့ ဇန်နဝါရီနှောင်းပိုင်းမှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေကို အသစ်ပြဌာန်းခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း UEC ထံ ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်လျှောက်ဖို့ ထုတ်ပြန်ခဲ့တာပါ။

သတ်မှတ်ရက်ပေါင်း ၆၀ အတွင်း ပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ထားကြတဲ့ နိုင်ငံရေးပါတီ ၆၃ ခုအထိရှိခဲ့ပြီး စစ်ကောင်စီထံ လာရောက်မှတ်ပုံမတင်တဲ့ တည်ဆဲနိုင်ငံရေးပါတီ ၄၀ ကို ပါတီအဖြစ်ကနေ အလိုအလျောက်ပျက်ပြယ်တယ်လို့ ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ- USDP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.