ရေး၊ ဧပြီ(၂၀)

တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေးရဲ့ စစ်အာဏာရှင်စနစ် အ မြစ်ပြတ်ရေးတိုက်ပွဲအတွက် မွန်လူမျိုးစုလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ လက်နက်ခဲယမ်းလိုအပ်ချက် ကြီးမားနေဆဲလို့ အဖွဲ့တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းမှုအပြီး စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးဝါးလာနေချိန်မှာ ဒေသကာကွယ်ရေး လက်နက်ကိုင်တပ်ဖွဲ့ပေါင်း ၅၀၀ ကျော်ထက်မနည်း ရှိလာခဲ့တာပါ။

မွန်ပြည်နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ (MSDF) ၊ မွန်ပြည်တော်လှန်ရေးတပ်ဖွဲ့ (MSRF) ၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ရာမညတပ်စတဲ့ မွန်လူမျိုးစုကိုယ်စားပြု လက်နက်ကိုင်တပ်ဖွဲ့တွေ ပေါ်ပေါက်လာခဲ့ကြပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ်(MSDF) ကတော့ တစ်နှစ်ကျော် ဖွဲ့စည်းခဲ့ပြီးဖြစ်ပေမယ့် ဒီကနေ့အချိန်ထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေမှာ အခက်အခဲရှိနေတယ်လို့ MSDF ရဲ့ နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီဥက္ကဌ ဒေါက်တာ သီရိမွန်ချမ်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခက်အခဲတွေက တောင်ပိုင်းမှာကျတော့ မွန်ပြည်သစ်ပါတီကလည်း စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်စဲထား တယ်။ နောက်ပြီးတော့ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွေလည်း ရှိနေတယ်။ အဲဒီအ တွက်ကြောင့်ပဲ အရင်တုန်းက စစ်သားစုဆောင်းရေးတို့၊ တခြားလှုပ်ရှားမှုဆိုင်ရာ အခက်အခဲတွေတော့ ရှိလာခဲ့တာပေါ့။ နောက်ပြီး လက်နက်ခဲယမ်းမီးကျောက် အခက်အခဲလည်း ရှိလာခဲ့တယ်။ ဘာဖြစ်လဲဆို လက်နက်ခဲယမ်းစု ဆောင်းရေးတို့ ဝယ်ယူရေးမှာလည်း တော်တော်လေး အခက်အခဲဖြစ် လာတာပေါ့။ ဒါကြောင့် လူအင်အားကျတော့ သိပ်ပြီးအခက်အခဲမရှိဘူး။ ကျွန်တော်တို့ မွန်လူငယ်တွေ တောင်ပိုင်းမှာရှိတဲ့ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းမှာရှိနေတဲ့ လူငယ်တွေရဲ့ ပါဝင်မှုကျတော့ ကျွန်တော်တို့ ခေါ်သလောက် ဝင်ပူးပေါင်းဖို့ ရှိကြတာပဲ။ ဒါပေမယ့် လက်နက်တပ်ဆင်ဖို့ အဲဒီအခက် အခဲတစ်ခုက ကြီးမားတဲ့အခက်အခဲပေါ့”လို့ သူက ဆိုပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ (MSDF) အနေနဲ့ လက်နက်တပ်ဆင်မှုတွေ ဖြည့်တင်းပေးဖို့ အမျိုးသားညီညွတ် ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနကို တောင်းဆိုထားပေမယ့် ဒီကနေ့အချိန်ထိရရှိတဲ့ အခြေအနေမရှိသေးဘူးလို့ သူက ထပ်ပြောပါတယ်။

မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ (MSDF) ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး တပ်သားစုဆောင်းဖို့နဲ့ စစ်ရေးသင်တန်းပေးဖို့ MSDF – မြောက်ပိုင်းနဲ့ စစ်ဆင်ရေးတွေ ဖော်ဆောင်ဖို့ MSDF – တောင်ပိုင်း ဆိုပြီး ပိုင်းခြားထားတာ ဖြစ်ပါတယ်။

တစ်နှစ်ကျော်အတွင်းမှာတော့ သင်တန်းသားခေါ်ယူစုဆောင်းရေးမှာလည်း ၅ ကြိမ်ထက်မနည်း ခေါ်ယူခဲ့ပြီး ဖြစ်သလို အပတ်စဉ် ၃ ခုအထိ စစ်ရေးသင်တန်းပို့ချထားပြီးဖြစ်ပေမယ့် တပ်သားအင်အားအနေနဲ့ အားရကျေနပ်လောက်တဲ့ အနေအထားမရှိသေးဘူးလို့ ဒေါက်တာ သီရိမွန်ချမ်းက ဆိုပါတယ်။

မွန်လက်နက်ကိုင်အဖွဲ့ နှစ်ခုဖြစ်တဲ့ ရာမညတပ်နဲ့ တနင်္သာရီဒေသတပ်ဖွဲ့တို့ကလည်း မွန်ပြည်ကာ ကွယ်ရေးတပ် (MSDF)ရဲ့ နိုင်ငံရေး၊ စစ်ရေးမူဝါဒတွေနဲ့အညီ တပ်ဖွဲ့ဝင်အဖြစ် ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့က ထုတ်ပြန်ထားတာပါ။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကလည်း မဟာမိတ်တွေနဲ့ ပူးပေါင်းပြီး ထိုးစစ်ဆင်ဖို့ အစီအစဉ်ရှိနေပေမယ့် ဖြည့်စွက်ရမယ့် ပစ္စည်းတွေနဲ့ ပြင်ဆင်ရမယ့် ဗျူဟာတွေကြောင့် အကန့်အသတ်တွေ အများကြီးရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခြားသော ဒေသတွေလိုပဲပေါ့ဗျာ၊ မွန်ပြည်နယ်မှာလည်း MSRF အနေနဲ့ မဟာမိတ်တပ်တွေနဲ့ ပေါင်းစည်းပြီးတော့ စစ်ရေးအရှိန်အဟုန်မြှင့်တင်ဖို့ အစီအစဉ်ရှိပါတယ်။ ထိုးစစ်တွေဆင်ဖို့ ရှိပါတယ်။ သို့သော် အချို့ အခြေအနေတွေ၊ ပြင်ဆင်တည်ဆောက်မှုတွေ၊ လိုအပ်တဲ့ပစ္စည်းဖြည့်စွက်မှုတွေ အကန့်အသတ်ရှိနေတဲ့အပေါ် စီစဉ်ထားသလောက် အကောင်အထည်ဖော်ဖို့ အကန့်အသတ်တွေ အများကြီးရှိတယ်။ အဲဒီအကန့်အသတ်တွေကို တစ်ခုချင်းတစ်ဆင့်ချင်း ဖြေရှင်းကျော်လွှားသွားလို့ ရှိရင်တော့ စစ်ရေးအရှိန်အဟုန်လည်း ပိုပြီးမြှင့်တင်သွားနိုင်မယ်လို့ ကျွန်တော် ပြောချင်ပါတယ်ခင်ဗျ”လို့ သူက ဆိုပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) အနေနဲ့ ပြီးခဲ့တဲ့ စစ်ဆင်ရေးအတွေ့အကြုံတွေကို သင်ခန်းစာယူပြီး စစ်ဆင်ရေးအသစ်တွေ ဖော်ဆောင်ဖို့ ပြင်ဆင်နေသလို တပ်သားသစ်စုဆောင်းရေးနဲ့ မဟာမိတ်တွေဖွင့်တဲ့ စစ်သင်တန်းကိုလည်း ရဲဘော်တွေစေလွှတ်ထားတာရှိတယ်လို့ နိုင်နဂါးက ဆက်ပြောပါတယ်။

KNU တပ်မဟာ (၆) နယ်မြေအတွင်း ဖေဖော်ဝါရီမှာ ပြုလုပ်ခဲ့တဲ့ တောင်ပိုင်းတိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးသင်တန်း (SOF) အပတ်စဉ် (၄) ကို သင်တန်းဆင်းပွဲမှာ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ရဲဘော် ၅ ဦး စေလွှတ်တက်ရောက်ခဲ့တာပါ။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ဟာ လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ အခြားသောအကြောင်းတွေကြောင့် စစ်ကောင်စီကို ပိုမိုထိရောက် လက်နက်ကိုင်တိုက်ပွဲဝင်ဖို့ ဒီနှစ်ဇန်နဝါရီမှာ မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တောင်ပိုင်းစစ်ဒေသအဖြစ်ကနေ အမည်ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ မွန်လူမျိုးစုလက်နက်ပိုင်တပ်ဖွဲ့တွေဟာ စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာခံထားရတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်နဲ့ တနင်္သာရီတိုင်း မွန်လူမျိုးစုတွေရှိတဲ့ဒေသတွေမှာ စစ်ရေးလှုပ်ရှားနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MSRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.