မြဝတီ၊ ဧပြီ(၂၁)
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့ နယ် မဲကနယ်ဒေသ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ထပ်မံပြုလုပ်လာတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကနေ သိရပါတယ်။
KNU တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ မြဝတီမြို့နယ် တောင်ဘက်ခြမ်းက မဲကနယ်ကျေးရွာအနီးမှာ စစ်ကောင်စီ BGF ပူးပေါင်းတပ်နဲ့ KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေသလို စစ်ကောင်စီဘက်က အတွဲလိုက်ဒုံးတွေအပြင် လေကြောင်းနဲ့ တိုက်ခိုက်မှုတွေကိုပါ လုပ်ဆောင်နေပါတယ်။
ဧပြီ ၂၀ ရက်နေ့မှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို မွန်းလွဲ ၁ နာရီအချိန်လောက်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေ ထပ်မံလုပ်ဆောင်နေခဲ့ပြီး ထိခိုက်မှုကိုတော့ လတ်တလောမှာ မသိရှိရသေးဘူးလို့ မြေပြင်သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ(၁၃)ရက်နေ့က ဧပြီလ(၂၀)ရက်နေ့အထိ မြဝတီမြို့အနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ် နယ်ခြားစောင့်တပ်နဲ့ KNLAတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲတွေဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း ပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းနိုင်ခဲ့တာပါ။
ပြီးခဲ့တဲ့ ၂ နှစ်ရက်အတွင်း ပြင်းထန်စွာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်က ၂၄ ဦး သေဆုံးပြီး တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က ရဲဘော် ၂ ဦး ကျဆုံးခဲ့ရတယ်လို့ ကော်ဘရာစစ်ကြောင်းက ဧပြီ ၁၉ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
မဲကနယ်ဒေသအတွင်း ပြင်းထန်တဲ့တိုက်ပွဲအခြေအနေကြောင့် ကျေးရွာအတွင်းက လူနေအိမ်အများအပြား မီးလောင်ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူထောင်ချီဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကရင်လူမှုအဖွဲ့အစည်းတွေကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ