ဒိုဟာ၊ ဧပြီ(၂၂)
အာဖဂန်နစ္စတန်မှာ လာမယ့်လမှာကျင်းပမယ့် ကုလသမဂ္ဂအစည်းအဝေးမှာ တာလီဘန်ကိုအစိုးရအဖြစ် နိုင်ငံ တကာအသိအမှတ်ပြုမှုအပေါ် အဓိကအာရုံစိုက်သွားမှာမဟုတ်ကြောင်း ကုလပြောရေးဆိုခွင့်ရှိသူက ပြောကြား
ခဲ့ပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ဟာ နိုင်ငံတကာက အာဖဂန်နစ္စတန် နိုင်ငံ ဆိုင်ရာ အထူးသံတမန်တွေနဲ့ မေလ ၁ ရက်မှ ၂ ရက်နေ့အထိ ဒိုဟာမှာ တံခါးပိတ်စည်းဝေးပွဲကို ကျင်းပဖို့ စီစဉ်ထားတာပါ။
“မေလ ၁ ရက်နဲ့ ၂ ရက်မှာ ပြုလုပ်မယ့် ဒိုဟာညီလာခံဟာ အသိအမှတ်ပြုမှုအပေါ် အာရုံမစိုက်ဘဲ အဲဒါနဲ့ ပတ်သက်ပြီး ရှုပ်ထွေးမှုတွေ မဖြစ်စေချင်ပါဘူး” လို့ ကုလသမဂ္ဂရဲ့ လက်ထောက်ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟက်က ပြောကြားခဲ့ပါတယ်။
“ဆွေးနွေးရမယ့် အချက်ကတော့ လက်တလောမှာ စိန်ခေါ်မှုတွေအပေါ် ပိုပြီး စည်းလုံးညီညွှတ်တဲ့ သဘောဆန္ဒကို တည်ဆောက်ဖို့ပါပဲ” လို့ သူက ပြောခဲ့တာပါ။
နှစ် ၂၀ ကြာစစ်ပွဲအပြီးတွင် တာလီဘန်တို့ဟာ အမေရိကန်ဦးဆောင်တဲ့တပ်တွေ ဆုတ်ခွာသွားတာကြောင့် ၂၀၂၁ ခုနှစ် သြဂုတ်လမှာ အာဏာသိမ်းယူခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာလမှာ အဖွဲ့ဝင် ၁၉၃ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံက ယင်းကိုရွှေ့ဆိုင်းဖို့ အတည် ပြုခဲ့ပြီး ဒုတိယအကြိမ်အဖြစ် အာဖဂန်တာလီဘန်အစိုးရအား နယူးယောက်မြို့သို့ ကုလသမဂ္ဂသံတမန် စေလွှတ်ခွင့်ပြုခြင်းဖြင့် အသိအမှတ်ပြုခြင်းရှိလာမယ့် ဆုံးဖြတ်ချက်ကို မျှော်လင့်ထားတာလည်း ဖြစ်ပါတယ်။
တာလီဘန်တို့က အခုလအစောပိုင်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေး ရေးအဖွဲ့တွေ အတွက် အမျိုးသမီးအများစု အလုပ်လုပ်ခြင်းကို ဒီဇင်ဘာလမှာ ရပ်ဆိုင်းခဲ့ပြီးနောက် အာဖဂန်အမျိုးသမီးတွေကို ကုလသမဂ္ဂမှာ အလုပ်လုပ်ကိုင်ခွင့် တားမြစ်ခဲ့ပါတယ်။
အနောက်တိုင်း ကျောထောက်နောက်ခံပြု အစိုးရကို ဖြုတ်ချပြီးကတည်းက အမျိုးသမီးတွေကို တက္ကသိုလ် ဝင်ခွင့် ပိတ်ပင်ခြင်းနဲ့ မိန်းကလေး အထက်တန်းကျောင်း အများစုကို ပိတ်ပစ်ခြင်းအပါအဝင် အမျိုးသမီးတွေကို လူထုဘဝသို့ ဝင်ရောက်ခွင့်ကိုလည်း တင်းကျပ်ထားတာဖြစ်ပါတယ်။
အစ္စလာမ့်ဥပဒေရဲ့ တင်းကျပ်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့အညီ အမျိုးသမီးအခွင့်အရေးကို လေးစားတယ်လို့ တာလီဘန်တွေက ပြောခဲ့ပါတယ်။
Ref: CNA