ပုလော၊ ဧပြီ(၂၁)

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ထဲက ကျေးရွာတချို့မှာ စစ်ကောင်စီရဲ့ သယ်ယူခွင့်ကန့်သတ်ချက်တွေကြောင့် ဆန်နဲ့အခြေခံစားသောက်ကုန်တွေ စတင်ပြတ်လပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကစပြီး ပုလောမြို့နယ်အဝင်အထွက် နေရာတွေနဲ့ ကျေးရွာတွေကိုသွားတဲ့ လမ်းပိုင်းတွေမှာ စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ပြီး စားနပ်ရိက္ခာသယ်ယူခွင့်ကို တင်းကျပ်ထားသလို ဆန်နဲ့ဆေးဝါးသယ်ယူခွင့်ကို ကန့်သတ်ထားတာပါ။

စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် အခုဧပြီ တတိယအပတ်ကစပြီး ပုလောမြို့နယ် မင်းထိန်၊ လက်ပံပင်၊ ကဗျာနဲ့ကဒဲအပါအဝင် ကျေးရွာတချို့မှာ ဆန်နဲ့ အခြေခံစားသောက်ကုန်တွေ ပြတ်လပ်လာတာ ဖြစ်ပါတယ်။

တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ကျေးရွာတချို့မှာလည်း ဆန်အပါအဝင် စားသောက်ကုန်ဈေးနှုန်း အဆမတန် ကြီး မြင့်လာသလို ဝယ်ယူရခက်ခဲတဲ့ အခြေအနေနဲ့ပါ ထပ်မံရင်ဆိုင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ပုလောမြို့နယ်ထဲမှာ ပေါ်ဆန်မွှေး ဆန်တစ်အိတ်ကို ကျပ်တစ်သိန်းကျော်၊ ဆန်းကြမ်းကလည်း တစ်အိတ်ကို ကျပ် ၇၀၀၀၀ ကျော်အထိ ဈေးနှုန်းအဆမတန်မြင့်တက်နေတာပါ။

ဒါ့အပြင် စစ်ကောင်စီဟာ ပုလောမြို့ပေါ် ရပ်ကွက်တွေကလွဲပြီး ကျေးရွာတွေဘက်ကို ဆန်၊ ဆေးဝါးနဲ့ လောင်စာဆီသယ်ယူခွင့်တွေကို ကန့်သတ်ထားပြီး ကုန်ပစ္စည်းသယ်ဆောင်သူတွေကိုလည်း စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်နေကာ မထင်ရင်မထင်သလို ဖမ်းဆီးတာတွေ လုပ်ဆောင်နေတာပါ။

ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့ကလည်း တရားစခန်းဝင်နေတဲ့ ပုလောမြို့ ကုန်ခြောက်ဆိုင်ပိုင်ရှင် အမျိုး သမီးနဲ့ ခင်ပွန်းဖြစ်သူကို စစ်ကောင်စီတပ်က လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ပုလောမြို့နယ်မှာတော့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အား စုတို့ကြား တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်ပွားနေသလို စစ်ကောင်စီဘက်က ဖြတ်လေးဖြတ် ဖြတ်တောက် တာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.