ရန်ကုန် – ဧပြီ(၂၁)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပေါ် ဝမ်းနည်းကြောင်း ပရိုဖိုင်အနက်ချိန်းခဲ့တာနဲ့ မှတ်ချက်ရေးသားမှုတွေကြောင့် သတင်းစာဆရာ ဦးကျော်မင်းဆွ၊ သရုပ်ဆောင် မေပန်းချီနဲ့ အဆိုတော်ရွှေရည်သိန်းတန်တို့ကို စစ်ကောင်စီက ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ထားတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က သံလွင်တိုင်းမ် ကိုပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ(၁၁) ရက်နေ့က သူတို့တွေအပြင် အသက်(၂၈) နှစ်အရွယ် အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးပြီးနောက် ဧပြီလ (၂၀) ရက်နေ့မှာ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခဲ့တာပါ။
သူတို့တွေကို စစ်ကောင်စီက ပဇီကြီးလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူတွေရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံ့ဝန်ထမ်းတွေနဲ့ ပြည်သူတွေ ပြစ်မှုကျူးလွန်စေဖို့ ရည်ရွယ်ကာ မမှန်သတင်းတွေ ရေးသားဖြန့်ဝေခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အမှုဖွင့်ထားတာဖြစ်တယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။
“အခုတော့ အိမ်ကလူကြီးတွေ ဒီကိစ္စကို လိုက်နေပါတယ်။ အခြေအနေကတော့ သိပ်မကောင်းပါဘူး။ တခြားတော့ ဘာမှပြောလို့မရသေးပါဘူး” လို့ သရုပ်ဆောင်မေပန်းချီ မိသားစုနဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
လက်ရှိမှာတော့ သရုပ်ဆောင်မေပန်းချီနဲ့ အဆိုတော် ရွှေရည်သိန်းတန်တို့ကို ဒဂုံမြို့သစ်မြောက်ပိုင်း ရဲစခန်းမှာ အမှုဖွင့်ထားပြီး ဦးကျော်မင်းဆွေကိုတော့ စမ်းချောင်းမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
“သူတို့တွေကို ဖမ်းပြီး အောင်သပြေ စစ်ကြောရေးမှာ စစ်ဆေးခဲ့တာပါ။ စစ်ဆေးတာတွေလုပ်ပြီးတော့ သက်ဆိုင်ရာ အပိုင်ရဲစခန်းတွေမှာ အမှုဖွင့်ထားတာ တခြားတော့ ဘာမှပြောလို့မရသေးပါဘူး” လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
အခုလို သရုပ်ဆောင်၊ အဆိုတော်နဲ့ သတင်းသမားတွေကို ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံးနဲ့ စစ်ကောင်စီ သတင်းမီဒီယာကောင်စီတွေကို သံလွင်တိုင်းမ် အနေနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရသူ နှစ်သောင်းကျော် ရှိနေပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP မှာ ဖော်ပြထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – လူမှုကွန်ရက်(Facebook)