မြဝတီ၊ ဧပြီ(၂၀)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့နယ် မဲကနယ်ဒေသဘက်မှာ ဧပြီ (၁၉)ရက်နေ့ မနက်အစောပိုင်းမှာလည်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့တို့အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ကော်ဘရာစစ်ကြောင်း(၂) (VENOM PDF စစ်ကြောင်း)က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီတိုက်ပွဲတွေဟာ KNU တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ မြဝတီမြို့နယ် တောင်ဘက်ပိုင်းက မဲကနယ်ကျေး ရွာဘက်ကို စစ်ကြောင်းထိုးတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်ခဲ့တာပါ။

အဲဒီနေ့တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူနဲ့သာမက လေကြောင်းပစ်ကူပါ အသုံးပြုတိုက်ခိုက်နေတယ်လို့ VENOM PDF စစ်ကြောင်းရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။

မြဝတီမြို့နယ် မဲကနယ်ဒေသဘက်မှာ ပြီးခဲ့တဲ့မတ်လကုန်ပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့ တို့အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံး များပြားနေတာ ဖြစ်ပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် မဲကနယ်ကျေးရွာအတွင်းရှိ ခရစ်ယာန်ဘာသာရေးကျောင်းအပါအဝင် နေအိမ်အဆောက်အဦးအများအပြား ထိခိုက်ပျက်စီးခဲ့ရပြီး အရပ် သားပြည်သူထောင်ချီဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေသလို ဒီကနေ့အချိန်ထိ နေရပ်ကိုမပြန်နိုင်ကြသေးဘူးလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Poreal FB

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.