ညောင်လေးပင်၊ ဧပြီ(၂၀)
ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင်ထဲက တိုက်ပွဲတွေကြောင့် နေ့စဉ်နဲ့အမျှ စစ်ရှောင်ဦးရေ တိုးလာတဲ့အတွက် လူသားချင်းစာနာမှုအကူအညီ လိုအပ်မှုမြင့်မားလာတယ်လို့ ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ယက် KPSN က သံလွင်တိုင်းမ်ကို ပြောပါတယ်။
KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေအတွင်းမှာ KNLA KNDO ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ် တို့အကြား တိုက်ပွဲတွေ နေ့စဉ်လိုလိုဖြစ်ပွားနေလျက်ရှိပြီး တိုက်ပွဲဖြစ်စဉ်တိုင်းလိုလိုမှာ စစ်ကောင်စီတပ်က ကျေးရွာထဲ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် KNU ညောင်လေးခရိုင်မှာ အမြဲတမ်း စစ်ရှောင်ဦးရေ တစ်သိန်းခွဲကျော်အထိ တိုးလာပြီး အများစုဟာ နေရပ်မပြန်ရဲကြတော့ဘူးလို့ ဆိုပါတယ်။
ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN ပြောခွင့်ရ စောလေးကပေါ်ကတော့ စစ်ရှောင်ပြည်သူတွေဟာ တိုက်ပွဲတွေကြောင့် ဆိုးဝါးတဲ့အခြေအနေတစ်ခုကို ရင်ဆိုင်နေရပြီး လူသားချင်းစာနာမှုအကူအညီလိုအပ်မှု စိုးရိမ်ဖွယ်မြင့်တက်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စစ်ဘေးရှောင်တွေကတော့ နေ့စဉ်နေ့တိုင်းတိုးလာတဲ့ ပုံစံမျိုးတော့ ရှိပါတယ်ခင်ဗျ။ စစ်ဘေးရှောင်အရေအတွက်ကတော့ အနည်းဆုံးတစ်သိန်းလေးသောင်း၊ တစ်သိန်းငါးသောင်းအဲဒီပတ်လည်မှာတော့ ရှိနေပါတယ်။ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကတော့ အစားအသောက်တွေ၊ ကျန်းမာရေးအသုံးအဆောင်၊ ကျန်းမာရေးလိုအပ်ချက်တွေကတော့ လိုအပ်မှုရှိနေတုန်းပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ လက်ရှိအနေအထားမှာက တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲရှိတော့ ကူညီမှုတွေကရေရှည်ကူညီပေးနိုင်မယ့် အစီအစဉ်တွေရှိရင်တော့ ပိုကောင်းမယ်။ ပြောချင်တာ တိုက်ပွဲတွေကနေ့တိုင်း ဖြစ်လာတယ်။ တိုးလာတယ်။ အိမ်ပြန်ဖို့မရဲကြတဲ့ အခြေအနေကရှိနေတော့ ပိုပြီးတော့ဆိုးလာမယ့် အနေအထားမျိုးမှာက ရေရှည်လူသားချင်းစာနာမှုအကူညီက လိုအပ်နေပါတယ်” လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးနဲ့ ရွှေကျင်မြို့နယ်ထဲမှာရှိတဲ့ စစ်ဘေးရှောင်တွေအတွက် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် KPSN အပါအဝင် နယ်မြေခံ KNU ခေါင်းဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး လူသားချင်းစာနာမှုအကူအညီတွေ သွားရောက်ကူညီတာတွေ လုပ်ဆောင်ပေးနေခဲ့ပေမယ့် အပြည့်အဝကူညီပေးနိုင်တာမရှိဘူးလို့ သိရပါတယ်။
ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေအတွင်းမှာ စစ်ကောင်စီတပ်နဲ့ KNLA တပ်မဟာ(၃) ပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲတွေ မကြာခဏဆိုသလို ဖြစ်ပွားလျက်ရှိနေပြီး ကျေးရွာတွေထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အရပ်သားပြည်သူလူထု (၁၆၀,၀၀၀) ကျော်အထိ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KPSN ရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်အရ သိရပါတယ်။
သတင်း -သံလွင်တိုင်းမ်
ဓာတ်ပုံ – KPSN