မော်လမြိုင်၊ ဧပြီ(၁၈)
အာဏာရှင်စနစ်အားလုံးကို အမြစ်ပြတ်ချေမှုန်းနိုင်မှသာ တိုင်းပြည်အနာဂတ် လှပမှာဖြစ်တာကို နား လည်ထားရမှာဖြစ်ပြီး တော်လှန်ရေးကာလမှာ လုံခြုံရေးကိုလည်း အထူးသတိပြုရမယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဒုတိယစစ်ဦးစီးချုပ်က ပြောကြားလိုက်ပါတယ်။
ဧပြီ(၁၇)ရက်နေ့မှာ ကျရောက်တဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA)ရဲ့ (၂)နှစ်ပြည့် တပ်တော်နေ့ အခမ်းအနားသို့ပေးပို့တဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဒုတိယစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲရဲ့ ဂုဏ်ပြုသဝဏ်လွှာမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
တိုင်းပြည်လိုအပ်ချက်၊ တန်းတူရေးနဲ့ တရားမျှတမှုအတွက် တိုင်းပြည်အတွင်းရှိ အာဏာရှင်စနစ်အားလုံးကို အမြစ်ပြတ်တိုက်ထုတ်ရာမှာ ရဲဘော်တွေအနေနဲ့ အင်တိုက်အားတိုက် ဆက်လက်ပူး ပေါင်းပါဝင်ဖို့ လိုအပ်ပြီး စစ်အာဏာရှင်တွေနဲ့အတူ ဘယ်အာဏာရှင်မဆို အမြစ်ပြတ်ချေမှုန်းနိုင်မှ တိုင်းပြည်အနာဂတ်လည်း လှပမှာဖြစ်ကြောင်းကို တပ်တော်အနေဖြင့်ရော၊ ရဲဘော်များအားလုံးပါ နားလည်ထားရမယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ပြောပါတယ်။
မိမိတို့ရဲ့ အခြေခံအခွင့်အရေးဖြစ်တဲ့ လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေတဲ့ တပ်တော်အနေနဲ့ အရပ် သားပြည်သူလူထုတွေရဲ့ အခွင့်အရေးကို လေးစားကာကွယ်တဲ့ တပ်တော်ဖြစ်ဖို့လည်း လိုအပ်တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲက ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင် တော်လှန်ရေးကာလမှာ တော်လှန်ရေးအသိ၊ သတိနဲ့အတူ လုံခြုံရေးသတိပါ ရှိရမှာဖြစ်ပြီး လုံခြုံရေးအားကောင်းလေ၊ တော်လှန်ရေးအောင်ပွဲ အခွင့်အလမ်းကောင်းလေဖြစ်တာကြောင့် လုံ ခြုံရေးကို အထူးသတိပြုရမှာဖြစ်သလို ခေတ်မှီနည်းပညာတွေနဲ့ စစ်အာဏာရှင်တွေကို တန်ပြန်စစ်ဆင်နိုင်ဖို့အတွက် စဉ်ဆက်မပြတ် လေ့လာရမှာဖြစ်တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီးစောဘောကျော်ဟဲက ပြောထားပါတယ်။
ခေတ်ကာလတိုးတက်မှုအရ တော်လှန်စစ်ဆင်နွှဲရာမှာ လက်ရုံးရည်တခုတည်းသာမကပဲ နှလုံးရည်နဲ့ပေါင်းစပ်ကာ တော်လှန်တိုက်ပွဲဝင်ရမှာဖြစ်ပြီး လက်ရုံးရည်ယှဉ်ပြိုင်တိုက်ခိုက်မှု နည်းပညာတွေနဲ့အတူ နှလုံးရည်တိုက်ပွဲအတွက်ပါ တပ်တော်အနေနဲ့ ပြင်ဆင်ထားရမှာဖြစ်သလို အသင့်ဖြစ်ရမယ်လို့လည်း ဆိုထားပါတယ်။
အခုလို အခက်အခဲအကျပ်အတည်း စိန်ခေါ်မှုတွေကြားထဲမှာ တပ်တော်ဖွဲ့စည်းနိုင်မှုနဲ့အတူ ရှေ့တန်းစစ် မျက်နှာမှာ တော်လှန်တိုက်ပွဲဝင်လျက်ရှိတဲ့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA ရဲ့ ခေါင်းဆောင်၊ ရဲဘော်တွေနဲ့အတူ ဒီ(၂)နှစ်ပြည့်တပ်တော်မွေးနေ့မှာ အသိအမှတ်ပြုပြီး လှိုက်လှိုက် လှဲလှဲ ဂုဏ်ယူဝမ်းမြောက်လျက်ရှိတယ်လို့ သဝဏ်လွှာမှာ KNLA ဒုတိယစစ်ဦးစီးချုပ်က ထည့်သွင်းပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -KNU