မော်လမြိုင်၊ ဧပြီ(၁၈)
စစ်တပ်အာဏာသိမ်းမှုအောက်က မြန်မာ့နှစ်သစ်ကူး ရိုးရာသင်္ကြန်ပွဲတော်ကာလအတွင်း စစ်ကောင် စီကြီးမှူးတဲ့ သင်္ကြန်မဏ္ဍပ်တွေနဲ့ အနီးအနားတွေမှာ ဗုံးပေါက်ကွဲမှုကြောင့် လူဒါဇင်ကျော် သေဆုံးခဲ့ရတယ်လို့ သံလွင်တိုင်းမ်က စိစစ်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
သက်ဆိုင်ရာ ဒေသအခြေစိုက်သတင်းဌာနတွေရဲ့ ဖော်ပြချက်နဲ့ စစ်ကောင်စီက ထုတ်ပြန်ချက်တွေကို ကိုးကားပြီး သံလွင်တိုင်းမ်အနေနဲ့ သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်ကစပြီး အတက်နေ့ ဧပြီ ၁၆ ရက်နေ့အထိ မဏ္ဍပ်ပေါက်ကွဲမှုတွေကို အချက်အလက်ပြုစုထားတာပါ။
သင်္ကြန်မဏ္ဍပ်တွေနဲ့ အနီးအနားမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာတော့ ရှမ်းပြည်နယ်၊ က ယားပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနဲ့ စစ်ကိုင်းတိုင်းတို့ ပါဝင်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ ရန်တိုင်းအောင်ဘုရားဝင်းအရှေ့ ဗဟိုမဏ္ဍပ်အနီးမှာ သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အရပ်သားလေးဦး ပွဲချင်းပြီးသေဆုံးကာ ၁၁ ဦး ဒဏ်ရာရခဲ့ပါတယ်။
အဲဒီရက်မှာတင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံရွာ အလယ်တန်းကျောင်းက ရေကစားမဏ္ဍပ်မှာလည်း ညနေပိုင်းမှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရတာကြောင့် ကလေးငါးဦးအပါအဝင် ရှစ်ဦးသေဆုံးပြီး ၃၀ ခန့် ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီတိုက်ခိုက်မှုဖြစ်စဉ် ၂ ခုစလုံးနဲ့ပတ်သက်ပြီး ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက တစ်စုံတစ်ရာ ကြေညာချက်ထုတ်ပြန်ထားတာ မရှိသေးပေမယ့် စစ်ကောင်စီကတော့ PDF အမည်ခံအဖွဲ့တွေ တိုက်ခိုက်တာလို့ စွပ်စွဲထားပါတယ်။
ကြွယ်ပုံရွာဟာ စစ်တပ်အာဏာစသိမ်းတဲ့နှစ်မှာတင် စစ်ကောင်စီတပ်ဖွဲ့တွေ လာရောက်တပ်စွဲထားတာကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေက ရွာကို မကြာခဏတိုက်ခိုက်လေ့ရှိပြီး သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရသူအများစုဟာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးအဖွဲ့ဝင်တွေဖြစ်တယ်လို့ ဆိုပါတယ်။
သင်္ကြန်အကြတ်နေ့ ဧပြီ ၁၅ ရက်နေ့မှာတော့ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့ သင်္ကြန်မဏ္ဍပ်မှာ မနက်အ စောပိုင်း ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရရှိခဲ့ပြီး အင်္ဂပူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) က တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အလားတူ ကရင်နီပြည်နယ်၊လွိုင်ကော်မြို့၊ ပြည်နယ်အစိုးရရုံးမဏ္ဍပ်မှာလည်း မနက် ၁၀ နာရီလောက်မှာ ဒရုန်းနဲ့ဗုံးကြဲခံရပြီး ၂၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို စစ်ကိုင်းတိုင်း၊အရာတော်မြို့နယ်၊ငွေတွင်းကျေးရွာက ရေကစားနေသူတွေလည်း ဗုံးကြဲခံရမှုကြောင့် အရပ်သား ၁၃ ဦး ဗုံးစထိမှန် ဒဏ် ရာရခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ကရင်နီပြည်နယ် အစိုးရရုံးမဏ္ဍပ် တိုက်ခိုက်မှုကိုတော့ Falcon Wings နဲ့ PDF လွိုင်ကော်တို့ ဆောင် ရွက်ခဲ့တာဖြစ်ပြီး ပြည်သူတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ မိုဆို၊ ပဇီကြီး၊ နန့်နိမ်၊ အနန့်ပါ၊ လက်ယက်ကုန်း အပါအဝင် နိုင်ငံတဝန်းမှာကျူးလွန်ခဲ့တဲ့ စစ်တပ်ကို စစ်ရာဇဝတ်မှု အစုစုအ တွက် အကြွေးဆပ်ခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်းအနောက်ခြမ်း၊သာယာဝတီမြို့နယ်၊သုံးဆယ်မြို့နယ်က စစ်ကောင်စီရဲ့ We Love Thonze မဏ္ဍပ်မှာလည်း ဧပြီ ၁၅ ရက်နေ့ ည ၉ နာရီလောက်ကလုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင် တချို့ ဗုံးခွဲတိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သလို လေးဦးဒဏ်ရာရရှိခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကိုတော့ သာယာဝတီဂဠုန်တပ်ဖွဲ့က ပြုလုပ်ခဲ့တာဖြစ်ပြီး ပဇီကြီးကျေးရွာမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၁၇၀ လောက် သေဆုံးခဲ့ရတဲ့ပေါ် ပြည်သူတစ်ရပ်လုံး မစာမနာ အပျော်သင်္ကြန် မလုပ်ကြဖို့ သတိပေးထားမြစ်ခဲ့တာပါ။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်အာဏာ သိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူတွေ နွေဦးတော်လှန်ရေး ၂နှစ်ကျော်အတွင်း ကျဆုံးခဲ့ရသူ ၃၂၄၀ ဦး ရှိခဲ့တယ်လို့ AAPP က ဧပြီ ၁၂ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -Pan