မော်လမြိုင် – ဧပြီ(၁၈)

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လက်နက်တပ်ဆင်မှုတွေ အရှိန်မြှင့်လုပ်ဆောင်သွားမှာဖြစ်တယ် လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ(၁၆) ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ရဲ့ မိုးကုတ်ဒေသရှိ တပ်ရင်း တပ်ဖွဲ့တွေကို လက်နက်တပ်ဆင်တဲ့ သတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားတာပါ။

မိုးကုတ်ဒေသမှာရှိတဲ့ PDF တပ်ရင်း တပ်ဖွဲ့တွေကို မောင်းပြန်အမျိုးအစားလက်နက်တွေ၊ စက်လက် တွေနဲ့ RPG အမျိုးအစားလက်နက်တွေကို ကာကွယ်ရေးဝန်ကြီးဌာနက ပေးအပ်ထားတာဖြစ်ပါတယ်။

NUG အနေနဲ့ PDF တပ်ရင်းတပ်ဖွဲ့တွေကို လက်နက်တပ်ဆင်ပေးမှုတွေ လုပ်ဆောင်ပေးနေပေမယ့် အညာဒေသမှာရှိတဲ့ တချို့တပ်ရင်းတပ်ဖွဲ့တွေကို လက်နက်ဖြည့်တင်းပေးမှု နည်းပါးနေသေးတယ် လို့ မြေပြင်တော်လှန်ရေး အင်အားစုတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

အဲဒီလို လက်နက်ဖြည့်တင်းမှု နည်းပါးနေတဲ့အတွက် တိုက်ပွဲဖော်ဆောင်ချိန်မှာ အခက်အခဲရှိနေသလို စစ်ကောင်စီရဲ့ စစ်ကြောင်းတွေကို ခုခံတွန်းလှန်ရာမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုထားပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို လက်နက်တပ်ဆင်ပေးဖို့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စနစ်တကျ တပ်ဆင်ပေးအပ်နေသလို လက်နက်တပ်ဆင်မှုတွေကို လည်း အရှိန်မြှင့်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.