မော်လမြိုင်၊ ဧပြီ(၁၈)

မွန်ပြည်နယ်မှာ စစ်ကောင်စီက မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ် ထောင်နဲ့ အကျဉ်းစခန်း အသီးသီးကနေ အကျဉ်းသူ၊ အကျဉ်းသား ၂၂၀ ကျော် ပြန်လွှတ်ပေးခဲ့ပေမယ့် နိုင်ငံရေး အကျဉ်းသား ပါဝင်မှုမရှိဘူးလို့ မွန်ပြည်နယ် အကျဉ်းဦးစီးဌာနကနေ သိရပါတယ်။

စစ်ကောင်စီဟာ မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောင်၊ အချုပ်ထောင်အပါအဝင် အကျဉ်းစခန်း ၁၁ ခုကနေ အကျဉ်းသား ၂၀၂ ဦး၊ အကျဉ်းသူ ၂၂ ဦး၊ စုစုပေါင်း၂၂၄ ဦးကို ကန့်သတ်ချက်တွေနဲ့ ပြန်လွှတ်ပေးခဲ့တာပါ။

စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ ခိုးမှု၊ မူးယစ်ဆေးဝါးမှု၊ ရဲပြေး၊ တပ် ပြေး အမှုတွေသာ အများဆုံးပါဝင်ပြီး နိုင်ငံရေးအကျဉ်းသား တစ်ဦးတစ်ယောက်မျှ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကတော့ စစ်ကောင်စီဘက်က ပြန်လွှတ်ပေးမယ့်ထဲမှာ နိုင်ငံရေးအ ကျဉ်းသား မပါဝင်နိုင်ဘူးဆိုတာ ကြိုတင်တွက်ဆထားပြီး ဖြစ်သလို နိုင်ငံရေးအကျဉ်းသားအများစုကလည်း လွတ်ငြိမ်းထက် နိုင်ငံရေးအပြောင်းအလဲကိုသာ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

“တစ်ယောက်မှ နိုင်ကျဉ်းမပါဘူး။ မော်လမြိုင်မှာတော့ နိုင်ကျဉ်းမရှိဘူး။ နိုင်ကျဉ်းက ကျိုက်မရောမှာ ရှိတယ်။ လွတ်တာက (၂၁)ယောက်။ ကျွန်တော်တို့ကတော့ အရင်ကတည်းက တွက်ထားပြီးသား နိုင်ငံရေးအကျဉ်းသား မပါနိုင်ဘူးဆိုတာ။ ဘာဖြစ်လို့လဲဆိုတော့ သူက ကလေးစိတ်လို ဖြစ်နေတော့ ဒီနိုင်ငံရေးအကျဉ်းသားတွေကို သူကထပ်ပြီးတော့ နှိပ်ကွပ်ဦးမှာပဲလေ။ လူတွေနာလန်မထူနိုင်အောင် သူကို ဆန့်ကျင်မယ့်လူမှန်သမျှ ကြောက်စိတ်တွေ တအားဝင်အောင် သူလုပ်မှာပဲ။ နိုင်ကျဉ်းတော် တော်များများကတော့ လွတ်ငြိမ်းကို မမျှော်လင့်ပါဘူး။ အားလုံးကတော့ ပြောင်းလဲမှုဘဲ မျှော်လင့်တယ်။ ဘာလို့ဆိုတော့ ဒီလွတ်ငြိမ်းက မှန်ကန်တဲ့လွတ်ငြိမ်း ပေးတာမှမဟုတ်တာ။ သူလိုချင်တာတွေ သူဖြစ်ချင်တဲ့ ပွိုင့်တွေနဲ့ပဲပေးတာ။ အပြောင်းအလဲဖြစ်မှပဲ နိုင်ငံရေးအကျဉ်းသား အားလုံးကလွတ်မှာပေါ့။ နိုင်ကျဉ်းတွေကလည်း နောက်တစ်ခုက ခံယူချက်ပြင်းပြင်းပြပြ ရှိတဲ့လူတွေအားလုံးက သူ့ရဲ့လွတ်ငြိမ်းကို မမျှော်လင့်ကြဘူး၊ မျှော်လင့်တာကတော့ အပြောင်းအလဲတစ်ခု ဖြစ်ပြီးတော့ မြန်မြန် ဆန်ဆန် ပုံစံပြောင်းပြီးတော့ အဲဒီအခါကျမှ နိုင်ကျဉ်းအားလုံး လွတ်မယ်ဆိုတဲ့ ခံယူချက်ပဲ ရှိတာပေါ့”လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် နိုင်ငံအတွင်းရှိ အကျဉ်းထောင်၊ အချုပ် ထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား အကျဉ်းသူ (၃၀၁၅)ဦး ကို ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက အဲဒီပြစ်ဒဏ်အပြင် အခုကျခံဖို့ ကျန်ရှိတဲ့ ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံရမယ်ဆိုတဲ့ စည်ကမ်းချက်နဲ့ ပြန်လည်လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အကျဉ်းထောင်နဲ့ အချုပ်ထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံခြားသား အကျဉ်း သား၊ အကျဉ်းသူ (၉၈)ဦးကိုလည်း နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်စေဖို့နဲ့ လူသားချင်း စာနာထောက်ထားမှုအရ ပြန်လည်လွှတ်ပေးပြီး ပြည်နှင်ဒဏ်ပေးလိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မွန်ပြည်နယ်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ထားရှိထားပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ် အပါအဝင် အနယ်နယ်အရပ်ရပ်က နိုင်ငံ ရေး ပုဒ်မတွေနဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား (၂၁၀)ကျော်နဲ့ နိုင်ငံရေး အ ကျဉ်းသူ (၉၀)ကျော် ရှိတယ်လို့ သိရ ပါတယ်

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ -MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.