ဘီးလင်း၊ ဧပြီ(၁၈)မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကြီးကျေးရွာနဲ့ တောင်စွန်းကျေးရွာတို့မှာ ဧပြီ ၁၆ ရက်နေ့က မိုင်း ၂ လုံး ပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်က လူငယ် ၈ ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီနေ့ မနက်ပိုင်းက တောင်ကြီးကျေးရွာ၊ ကေလာသတောင်ခြေရင်းရှိ ဘိုဘိုကြီးနတ်စင်အနီး လက်လုပ်မိုင်း တစ်လုံးပေါက်ကွဲခဲ့သလို တောင်စွန်းကျေးရွာမြို့မရပ်ကွက်ရှိ တောင်စွန်းပန်းခြံအနီးမှာလည်း ဒေသခံတွေရေကစားနေစဉ် မိုင်းတစ်လုံး ထပ်မံပေါက်ကွဲခဲ့တာပါ။

မိုင်းပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်က တောင်ကြီးကျေးရွာနေ လူငယ် ၄ ဦးနဲ့ တောင်စွန်းကျေး ရွာနေ လူငယ် ၄ ဦး၊ စုစုပေါင်း လူငယ် ၈ ဦးကို ဖမ်းဆီးသွားခဲ့တာပါ။

စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ လူငယ် ၈ ဦးဟာ လက်ရှိအချိန်အထိ မိသားစုနဲ့အဆက်အသွယ်မရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မိုင်းပေါက်ကွဲမှုကြောင့် အသက် ၁၀ နှစ်အရွယ်ကလေးငယ် တစ်ဦးအပါအဝင် ဒေသခံ ၄ ဦး ဒဏ်ရာရှိခဲ့သလို အဆောက်အဦးတချို့ ထိခိုက်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

ဘီးလင်းမြို့နယ်မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် မကြာခဏဆိုသလို ဗုံးပေါက်တာနဲ့ အပြန် အလှန် ပစ်ခတ်မှုဖြစ်ပွားနေပြီး အဲဒီဖြစ်စဉ်တွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိနေတာပါ။

သတင်း – သံလွင်တိုင်းမ်ဓာတ်ပုံ -CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.