နယူးယောက် – ဧပြီ(၁၉)
အမေရိကန်ပြည်ထောင်စု မန်ဟက်တန်ရှိ Chinatownမှာ တရုတ်လျှို့ဝှက်ရဲစခန်းတစ်ခု ဆောင်ရွက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ နယူးယောက်မြို့ နေထိုင်သူနှစ်ဦးကို ဖက်ဒရယ် အေဂျင့်တွေဖမ်းဆီးခဲ့ပါတယ်။
အသက်(၆၁) နှစ်အရွယ် လူဂျီအန်ဝန်နဲ့ အသက်(၅၉) နှစ်အရွယ် ချန်ဂျင်ပင်တို့ဟာ အမေရိကန် အာဏာပိုင်တွေကို အသိပေးခြင်းမရှိပဲ တရုတ်အစိုးရရဲ့ အေဂျင်တွေအဖြစ် ဆောင်ရွက်ဖို့ ညှိနှိုင်းမှုနဲ့ အမေရိကန် တရားရေးကို နှောက်ယှက်တဲ့ စွဲချက်တွေနဲ့ အမှုရင်ဆိုင်ရမှာဖြစ်သလို သူတို့နှစ်ဦးကို ဘရော့လင် ဖက်ဒရယ်တရားရုံးမှာ ကနဦး ထွက်ပေါက်လာပြီးနောက် စာချုပ် စာတမ်းနဲ့ ပြန်လွှတ်ပေးထားတယ်လို့ သိရပါတယ်။
စပိန်အခြေပြု Advocacy အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Safeguard Defenders ရဲ့ ၂၀၂၂ ခုနှစ် အစီရင်ခံစာအရ တရုတ်ဟာ နယူးယောက် အပါအဝင် ပြည်ပနိုင်ငံတွေမှာဝန်ဆောင်မှု ဌာန တွေ ထားရှိသွားမှာဖြစ်ပြီ အဲဒီနေရာတွေဟာ ဝရမ်းပြေးတွေကို တရုတ်ပြည်ပြန်ပို့ရေး ဖိအားပေးဖို့ တရုတ်ရဲတပ်ဖွဲ့နဲ့ တရားမဝင် လက်တွဲလုပ်ကိုင်နေကြတာဖြစ်ပါတယ်။
တရုတ်အစိုးရရဲ့ ပြောဆိုချက်အရ တရုတ်ပြင်ပရှိ အဲဒီစင်တာတွေကို ဒေသခံ စေတနာဝန်ထမ်း တွေနဲ့ လည်ပတ်နေတာဖြစ်ပြီး သူတို့ဟာ တရုတ်အစိုးရရဲ့ ရဲအရာရှိတွေမဟုတ်ဘဲ တရုတ်နိုင်ငံ သားတွေရဲ့ စာရွက်စာတမ်းတွေ သက်တမ်းတိုးဖို့နဲ့ တခြားဝန်ဆောင်မှုတွေပေးနိုင်ဖို့အတွက်သာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
အမေရိကန်နိုင်ငံအတွင်း နေထိုင်တဲ့ နိုင်ငံရေးအတိုက်အခံတွေကို ခြိမ်းခြောက်နေတဲ့ တရုတ်နဲ့ အီရန်လို အမေရိကန်ရဲ့ ရန်ဘက်တွေအတွက် နိုင်ငံဖြတ်ကျော်ဖိနှိပ်မှု လို့အမည်ရတဲ့ လုပ်ငန်း တွေကို လုပ်ဆောင်နေတယ်လို့ တရားရေးဦးစီးဌာနက ပြောခဲ့ပါတယ်။
“အမေရိကန်နိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံနေတဲ့ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေကို တရုတ်အစိုးရ ညှင်းပက်နှိပ်စက်မှာကို ဘယ်လိုမှ သည်းမခံနိုင်ပါဘူး” လို့ ဘရော့က်လင်ရှိ အမြင့် ဆုံးဖက်ဒရယ်အစိုးရရှေ့နေ က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အမေရိကန် နည်းပညာသုံး APP၊ ပလက်ဖောင်းတွေနဲ့ ကျင်းပတဲ့ အွန်လိုင်းအစည်းအဝေးတွေကို နှောက်ယှက်တာအပါအဝင် သဘောထားကွဲလွဲသူတွေဟာ အွန်လိုင်းနည်းလမ်းနဲ့ အကြမ်းဖက်တဲ့ Troll Farm အမည်ရ အော်ပရေးရှင်း ဆောင်ရွက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရုတ်အစိုးရအရာ ရှိ (၃၄) ဦးကို အမေရိကန် အစိုးရရှေ့နေတွေက စွဲချက်တင်ထားပါတယ်။
၁၉၈၉ ခုနှစ် တီအန်နန်မန် ရင်ပြင်ဆန္ဒပြပွဲ အထိမ်းအမှတ် အွန်လိုင်းအစည်းအဝေးကျင်းပခဲ့ပြီး နောက် တရုတ်နိုင်ငံအခြေစိုက် Zoom Video Communications ရဲ့ အမှုဆောင်တစ်ဦးကို ၂၀၂၀ ခုနှစ်မှာ တရားစွဲခဲ့တဲ့ ဖြစ်စဉ်အတွက် တရုတ်အစိုးရ အရာရှိ (၈) ဦးကို တရားခံတွေအဖြစ် သတ်မှတ်တယ်လို့ အမေရိကန် အစိုးရ ရှေ့နေတွေက ပြောထားပါတယ်။
အမေရိကန်ဘက်က စွဲချက်တင်ထားတဲ့ သူတွေဟာ တရုတ်ထိပ်တန်း အရာရှိကြီးတွေဖြစ်တယ် လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
“ အမေရိကန် ပြည်ထောင်စုဟာ လုပ်ဇာတ်စွပ်စွဲချက်တွေအပေါ်အခြေပြုပြီး နိုင်ငံဖြတ်ကျော် ဖိနှိပ်မှုလို့ နာမည်ခံပြီးတော့ တရုတ်နိုင်ငံသားတွေကို တရားစွဲမှုတွေကို ရှေ့ပြေး လုပ်ဆောင်ချက် နဲ့အတူ သူရဲ့ တရားရေးလက်တံ ကို ဆန့်ဖို့ ကြိုးစားနေခြင်းသာဖြစ်ပါတယ်။ ဒါက နိုင်ငံရေးအရ ချယ်လှယ်မှုဖြစ်ပြီး ရည်ရွယ်ချက်ကတော့ တရုတ်အစိုးရ ရဲ့ ပုံရိပ်ကို ကျဆင်းအောင် လုပ်ဖို့ပါ” လို့ အမေရိကန်အခြေစိုက် တရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူက ပြောခဲ့ပါတယ်။
Ref:Reuters/ec/rc