ကော့သောင်း၊ ဧပြီ(၁၈)
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ဆိပ်ဖူးကျေးရွာမှာ စစ်ကောင်စီသြဇာခံပြည်သူ့စစ်အဖွဲ့နဲ့ ဒေသကာကွယ်ရေးတပ်တို့ကြား ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထိုင်ဘက်ခြမ်းကို ဒေသခံရာနဲ့ချီ ထွက်ပြေးတိမ်း ရှောင်နေရတယ်လို့ တနင်္သာရီ(ပကဖ)တာဝန်ရှိသူတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၆ ရက်နေ့ ညနေပိုင်းက ဆိပ်ဖူးကျေးရွာနေ ပြည်သူ့စစ်ခေါင်းဆောင်ကျော်ဝင်းနဲ့ ဒုခေါင်းဆောင် မြင့်အောင်တို့ကို တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က နေအိမ်မှာ ဝင်ရောက်ပစ်ခတ်ရှင်းလင်းရာကနေ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။
အဲဒီပစ်ခတ်မှုမှာ ဆိပ်ဖူးကျေးရွာ ပြည်သူ့စစ်ခေါင်းဆောင် ၂ ဦး သေဆုံးခဲ့ပြီး သူတို့ကိုင်ဆောင်တဲ့ AK 47 သေနတ် နှစ်လက်၊ AK ကျည် ၁၁၉ တောင့်၊ ပစ္စတို ၁ လက်၊ ကျည်ကာ ၄ ထည်၊ ယူနီဖောင်း ၂ စုံ၊ ဆုံလည် ဂက်(စ်)သေနတ်တစ်လက်၊ ကျည်ဘောက် ၅ ခုနဲ့ဓားတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပစ်ခတ်မှုကြောင့် ဆိတ်ဖူးကျေးရွာ ဒေသခံရာနဲ့ချီ ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရပြီး အရေအတွက် အတိအကျမသိသေးဘူးလို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဒီဘက်မှာကျတော့ ပျူတွေနဲ့ စခတွေနဲ့ ပေါင်းပြီးတော့ သူတို့လုပ်ခဲ့တဲ့ဟာတွေရှိတယ်။ အဲဒီမှာသေ ဆုံးမှုတွေရှိတယ်ပေါ့ဗျာ။ အဲဒါကြောင့်သွားရှင်းတဲ့သဘောပါပဲ။ အဲဒါတော့ ကြားတော့ကြားတယ်။ လူဦးရေ အတိကျကိုတော့ အတည်မပြုနိုင်ဘူး။ တကယ်လို့ ထိုင်းဘက်ကိုထွက်တယ်ဆိုလို့ရှိရင်တော့ ထိုင်းဘက်ကတော့ ယာယီလက်ခံထားတာမျိုးပဲရှိမယ်။ တိုက်ပွဲတွေမရှိတော့ဘူး။ အခြေအနေငြိမ်သက်သွားပြီ ဆိုရင်တော့ သူတို့က ပြန်လာကြတာများတယ်။ အရင်တစ်ခါကလည်း အဲဒီလိုဖြစ်ဖူးတယ်ပေါ့နော် နယ်စပ်ဘက်မှာ” လို့ ဆိုပါတယ်။
နှစ်ဖက်ပစ်ခတ်မှုကြောင့် ဆိတ်ဖူးကျေးရွာ ဒေသခံတွေဟာ လှေနဲ့ကူးပြီး ထိုင်းဘက်ခြမ်းကို ထွက် ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ကာ ဧပြီ ၁၇ ရက်နေ့အထိ နေရပ်ပြန်မလာရသေးဘူးလို့ သိရပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းကလည်း ကော့သောင်းမြို့နယ် ဝိုင်ဒင်းကျေးရွာတိုက်ပွဲကြောင့် ဒေသခံ ၅၀၀ ကျော်ဟာ ထိုင်းဘက်ခြမ်းကို ယာယီထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -THI PDF