ကော်သူးလေ၊ ဧပြီ(၁၆)
ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ KNLA၊ KNDO တပ်နဲ့ စစ်ကောင် စီတပ်တို့အကြား မတ်လ(၁)လတာအတွင်း တိုက်ပွဲပေါင်း(၃၀၀)ကျော်ဖြစ်ပွားခဲ့ရာ စစ်ကောင် စီဘက်က (၄၀၀)ကျော် သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဗဟိုစစ်ဌာနချုပ်က ဧပြီ(၁၄)ရက်နေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
မတ်လ(၁)လအတွင်း KNU ကာကွယ်ရေးဌာနလက်အောက်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း(၃၇၃) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တပ်သား(၄၂၂)ဦးသေဆုံးကာ (၂၅၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။
တိုက်ပွဲတွေအတွင်း KNU လက်အောက်ခံတပ်ဖွဲ့ဘက်က ရဲဘော်(၇)ဦး တိုင်းပြည်နဲ့ လူမျိုးအတွက် အသက် ပေးခဲ့ရပြီး (၃၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အသက်ပေးသွားသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ PDF ရဲဘော်တွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မတ်လအတွင်း KNU ဖာပွန်ခရိုင် တပ်မဟာ(၅) ၊ ဒူးပလာယာခရိုင် တပ်မဟာ(၆)၊ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်နဲ့ KNU လက်အောက်ခံ ပူးပေါင်းတပ်ဖွဲ့ဝင်တို့အကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ဖာပွန်ခရိုင် တပ်မဟာ(၅)နယ်မြေအတွင်းမှာတော့ စစ်ကောင်စီရဲ့ ခြေကုပ်စခန်းကြီးတစ်ခုဖြစ်တဲ့ မယ်ခါးထာတပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
မတ်လအတွင်းမှာ KNLA ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့သလို အခုလ ဧပြီလ လဝက်အထိ KNU အုပ်ချုပ်နယ်မြေ ခရိုင်အားလုံးနီးပါးမှာလည်း နှစ်ဖက်တပ်တွေအ ကြား တိုက်ပွဲတွေဆက်လက်ပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ အတွဲလိုက်ပစ်ဒုံးနဲ့ လေကြောင်းပစ်ကူတွေ တရစပ်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တာကြောင့် KNU နယ်မြေအတွင်းမှာရှိတဲ့ ဒေသခံပြည်သူလူထုရဲ့ နေအိမ်အဆောက် အဦးနဲ့ ဘာသာရေးကျောင်းဆောင်တွေ ထိခိုက်ပျက်စီးခဲ့ရပြီး စစ်ဘေးရှောင်ပြည်သူအ များအပြားဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပြီး လူသားချင်းစာနာမှုအကူအညီတွေလည်း ဆက်လက်လိုအပ်လျက်ရှိနေတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU