မော်စကို၊ ဧပြီ(၁၈)
ယူကရိန်းစစ်ပွဲကို ပြစ်တင်ဝေဖန်မှုနဲ့ ရုရှားနိုင်ငံက ထင်ရှားတဲ့ ဗလာဒီမာပူတင်ရဲ့ပြိုင်ဘက်ကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ရုရှား-ဗြိတိသျှ သတင်းထောက်ဟောင်းလည်းဖြစ်၊ ထင်ရှားတဲ့အတိုက်အခံ တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ ဗလာဒီမာ ကာရာမာဇာ ဂျူနီယာဟာ ကရင်မလင်နန်းတော်အတွင်း အဆိပ်ခတ်မှု နှစ်ကြိမ်မှ လွတ်မြောက်လာခဲ့သူဖြစ်ပြီး လွန်ခဲ့တဲ့ တစ်နှစ်ခန့်က ဖမ်းဆီးခံခဲ့ရပြီးကတည်းက အကျဉ်းထောင်တွေမှာ နေခဲ့ရတာဖြစ်ပါတယ်။
သူဟာ စွဲချက်တွေကို ငြင်းဆိုခဲ့ပြီး တရားခွင်ကို ပြစ်တင်ဝေဖန်ခဲ့တာပါ။ဒါ့အပြင် ဆိုဗီယက်အာဏာရှင် ဂျိုးဆက်ဖ်စတာလင် အုပ်ချုပ်စဉ်ကာလက အမှုစစ်ဆေးခြင်းတွေနဲ့ နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။
ရုရှားက သူ့ကို ပြစ်ဒဏ် ၂၅ နှစ် ချမှတ်လိုက်ပြီး အစိုးရရှေ့နေတွေရဲ့ အမြင့်ဆုံး ပြစ်ဒဏ်လည်းဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ ယူကရိန်းမှာ ရုရှားရဲ့ လုပ်ရပ်တွေကို ဝေဖန်တဲ့ အတိုက်အခံ ပုဂ္ဂိုလ်တစ်ဦးကို အရှည်ကြာဆုံး ပြစ်ဒဏ် ချမှတ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကာရာမာဇာ အပေါ် စွဲချက်တင်မှုဟာ အရီဇိုးနား အောက်လွှတ်တော်မှာ မတ်လ ၁၅ ရက်က သူ့ရဲ့ မိန့်ခွန်းကနေထွက်ပေါ်လာတာဖြစ်ပါတယ်။
ယူကရိန်းမှာ ရုရှားရဲ့ စစ်ရေးဆောင်ရွက်မှုကို ရှုတ်ချခဲ့ပြီး လူနေရပ်ကွက်တွေကို အစု လိုက်အပြုံလိုက် ဗုံးများအသုံးပြုပြီး သားဖွားဆေးရုံတွေနဲ့ ကျောင်းတွေကို ဗုံးခွဲခဲ့တယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။
ရုရှားဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ ယူကရိန်းသို့ တပ်ဖွဲ့ဝင်တွေစေလွှတ်ပြီးနောက် မကြာမီမှာပဲ စစ်တပ်နှင့်ပတ်သက်တဲ့ သတင်းမှားတွေဖြန့်ခြင်းကို ရာဇ၀တ်မှုဆိုင်ရာ ဥပဒေတစ်ရပ်အဖြစ် ပြဌာန်းခဲ့တာဖြစ်ပါတယ်။
ကရင်မလင်က အထူးစစ်ရေးစစ်ဆင်ရေးလို့ ခေါ်တဲ့ လုပ်ရပ်အပေါ်ဝေဖန်မှုတွေကို တားဆီးဖို့ အာဏာပိုင်တွေက ဒီဥပဒေကို အသုံးပြုခဲ့တာဖြစ်ပါတယ်။
Ref: LBC News