တိုင်ပေ – ဧပြီ(၁၈)
တရုတ်က ထိုင်ဝမ်ကျွန်းတဝိုက်မှု သူတို့ရဲ့ နောက်ဆုံး စစ်ရေးလေ့ကျင့်မှုတွေကို အဆုံးသတ်ပြီး ရက်ပိုင်းအကြာမှာ အမေရိကန် စစ်သင်္ဘော USS Milius ဟာ ဧပြီလ (၁၆) ရက်နေ့က ထိုင်ဝမ် ရေလက်ကြားကို ဖြတ်ကျော် ရွက်လွှင့်ခဲ့တယ်လို့ သိရပါတယ်။
ထိုင်ဝမ်ကို သူ့ရဲ့ပိုင်နက်ဖြစ်သတ်မှတ်ထားတဲ့ တရုတ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျွန်းအနီး တစ်ဝိုက်မှာ တိကျတဲ့ တိုက်ခိုက်မှုတွေနဲ့ ကျွန်းကိုပိတ်ဆို့ထားတဲ့ (၃) ရက်ကြာ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးကြောင်း တရားဝင်ကြေညာထားတာပါ။
သမ္မတဆိုင်အင်ဝမ်နဲ့ အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ ကယ်ဗင်မက္ကာသီတို့တွေ့ဆုံမှုကို တုံ့ပြန်တဲ့ အနေနဲ့စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး ဒါဟာ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တာနဲ့ ထိုင်ဝမ်ရဲ့ သီးခြားကိုယ်ပိုင်ရပ်တည်မှုအတွက် အမေရိကန်ရဲ့ ထောက်ခံ အားပေးမှုအဖြစ် ရှုမြင်ထားတာဖြစ်ပါတယ်။
အမေရိကန်ရေတပ်ရဲ့ ပဲ့ထိန်းဒုံးကျည်ဖျက်သင်္ဘော USS Milius ဟာ နိုင်ငံတကာဥပဒေနဲ့အညီ ပင်လယ်ပြင်မှာလွတ်လပ်စွာ သွားလာခွင့်နဲ့ ပျံသန်းမှုဆိုင်ရာ လွတ်လပ်ခွင့်တွေကို ကျင့်သုံးပြီး ရေပြင်ကို ဖြတ်ကာပုံမှန်အတိုင်း ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းတာဖြစ်တယ်လို့ ပြောထား ပါတယ်။
“သင်္ဘောဟာ ကမ်းရိုးတန်းပြည်နယ်တစ်ခုခုရဲ့ ပိုင်နက်ရေပြင်ကို ကျော်လွန်ပြီး ရေလက်ကြား မှာရှိတဲ့ စင်္ကြံတစ်ခုကိုဖြတ်ပြီး ရွက်လွှင့်ခဲ့ပါတယ်၊ အမေရိကန်စစ်တပ်ဟာ နိုင်ငံတကာဥပဒေက ခွင့်ပြုထားတဲ့ နေရာတွေကို ပျံသန်း၊ ရွက်လွှင့်ပြီး လည်ပတ်လုပ်ဆောင်နေပါတယ်” လို့ ရေတပ်က ပြောပါတယ်။
ဒီသင်္ဘောဖြတ်သန်းမှုဟာ လွတ်လပ်ပြီး ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသအတွက် အမေရိကန် ပြည်ထောင်စုရဲ့ ကတိကဝတ်ကို သက်သေပြနေတာဖြစ်တယ်လို့ အမေရိကန်ရေတပ်က ပြောပါ သေးတယ်။
ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းနေတဲ့ အမေရိကန် စစ်သင်္ဘောတစ်စင်းကို ခြေရာခံလိုက်ခဲ့ တယ်လို့ တရုတ်က ဧပြီလ(၁၇) ရက်နေ့မှာ ထုတ်ပြန်ထားပြီး အမေရိကန်ကတော့ ဖြတ်သန်းသွား လာမှုကို အရှိန်မြှင့်ခဲ့တယ်လို့ ဆိုထားပါတယ်။
တရုတ်စစ်တပ် ပြောခွင့်ရ ဗိုလ်မှူးကြီး ရှီရီက လုံခြုံရေးတပ်ဖွဲ့တွေဟာ အမြဲတမ်း သတိရှိရှိနဲ့ အဆင်သင့်ရှိနေကြပြီး နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ပြတ်ပြတ်သားသား ခုခံကာကွယ်သွားမှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အမေရိကန်ရေတပ်က တစ်လ တစ်ကြိမ်ရေလက်ကြားကိုဖြတ်ပြီး စစ်သင်္ဘောတွေ ရွက်လွှင့်နေ ကာ အငြင်းပွားတောင်တရုတ်ပင်လယ်မှာ လွတ်လပ်စွာ ရေကြောင်းသွားလာရေး မစ်ရှင်တွေကို ပုံမှန်လုပ်ဆောင်နေတာဖြစ်ပါတယ်။
ဒါ့အပြင် စစ်ရေးလေ့ကျင့်မှုပြီးဆုံးချိန်ကစပြီး တရုတ်ဟာ ထိုင်ဝမ်တစ်ဝိုက်မှာ သူတို့ရဲ့ စစ်ရေး လှုပ်ရှားမှုတွေကို ဆက်လုပ်နေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း USS Milius ဟာ တောင်တရုတ်ပင်လယ်အတွင်းက တရုတ်ထိန်း ချုပ်ထားတဲ့ ကျွန်းစုတွေအနီး ရွက်လွှင့်ခဲ့ပြီး ဒီအခြေအနေကို တရုတ်ဘက်က တရားမဝင်ဘူး လို့ ရှုတ်ချထားပါတယ်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကတော့ လွန်ခဲ့တဲ့ (၂၄) နာရီအတွင်း ထိုင်ဝမ်အနီးတစ်ဝိုက်မှာ လည်ပတ်နေတဲ့ တရုတ်စစ်လေယာဉ်(၁၈) စင်းနဲ့ ရေတပ်သင်္ဘော (၄) စင်းကို တွေ့ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Ref: CNA