တနင်္သာရီ၊ ဧပြီ(၁၆)
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ထံ စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့အတူ CDM ပြုလုပ်ပြီး အလင်းဝင်ခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖတာဝန်ရှိသူက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တနင်္သာရီမြို့နယ် ညောင်ပင်ကွင်း အခြေစိုက် ၅၆၁ တပ်က တပ်သားအောင်မိုးနိုင်ဆိုသူဟာ MA 3 မောင်းပြန်တစ်လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ကျည်အတောင့် ၂၀၀ ၊ ချပ်ဝတ်တန်ဆာအချို့နဲ့အတူ တနင်္သာရီ(ပကဖ)ထံ လာရောက်ခိုလှုံခဲ့တာပါ။
လက်နက်နဲ့အတူ CDM ဝင်လာတဲ့ ရဲဘော်ကို တနင်္သာရီ စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့မှ ကျပ်သိန်း ၃၀ ထက်မနည်း ဂုဏ်ပြုချီးမြှင့်သွားမှာဖြစ်ပြီး CDM ရဲဘော်ရဲ့ ဆန္ဒအတိုင်း လုပ်ဆောင်ပေးသွားမယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ CDM ရဲဘော်ကို လုံခြုံစိတ်ချရတဲ့နေရာမှာ ထားရှိပေးထားပြီး စားသောက်နေထိုင်ရေးအတွက် ပြည့်စုံစွာစီမံပေးထားတယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီမြို့နယ် ပကဖအဖွဲ့ထံ CDM လုပ်ခိုလှုံလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၁၀ ဦးနဲ့အထက်ရှိနေပြီး သူတွေထဲကအများစုဟာ စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်နေသူတွေဖြစ်တယ်လို့ သိရပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့အဆိုအရ စစ်တပ်အာဏာသိမ်းကာလအတွင်း CDM ပြုလုပ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀၀၀ နီးပါးရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ -Thanintharyi PDF