ညောင်လေးပင်၊ ဧပြီ(၁၅)

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေ ကျောက်ကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က ရွာသားတွေကိုလည်း ဖမ်းဆီးခေါ်ဆောင်ပြီးလမ်းပြအဖြစ် စေခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

KNU ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာ ဧပြီ(၁၁)ရက်နေ့က စစ်ကောင်စီတပ်ဟာ ဘောက ထာစခန်းကနေပြီး ကျေးရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာ မဘီလေးကျေးရွာနဲ့ ငဖယ်အင်းကျေးရွာက ဒေသခံတွေရဲ့ နေအိမ်(၂)လုံးကို ထိမှန်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီလို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် KNU ကျောက်ကြီးမြို့နယ် အုပ်ချုပ်နယ်မြေအတွင်းရှိ ငဖယ်အင်းကျေးရွာက ဒေသခံပြည်သူဦးရေ(၄၈၈)ဦး စစ်ဘေးရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ပြောဆိုပါတယ်။

ဒါ့အပြင် ဧပြီ(၁၃)ရက်နေ့ မနက်(၁၀)နာရီအချိန်ကလည်း စစ်ကောင်စီတပ်ဟာ ကျောက်မော်ကြီးဘုရား ကျေးရွာက ပြည်သူ(၅)ဦးနဲ့ ကော်သာစေးကျေးရွာက ပြည်သူ(၁)ဦးကို ဖမ်းဆီးခဲ့ပြီး နေ့လည်(၁)နာရီအချိန်မှာ တော့ တစ်ဦးကိုပြန်လည်လွှတ်ပေးခဲ့ပေမယ့် ဖမ်းဆီးထားတဲ့ အမျိုးသား(၅)ဦးကိုလမ်းညွှန်ပြခိုင်းကာ ဘောကထာစခန်းကို ခေါ်ဆောင်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဖမ်းဆီးခံထားရတဲ့ ရွာသူရွာသားတွေဟာ လုပ်ကိုင်စားသောက်ဖို့နဲ့ ဈေးဝယ်ထွက်ရာကနေ ဖမ်းဆီးခံရ တာဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားမှုနဲ့ လူ့အခွင့်ချိုးဖောက်ကျူးလွန်မှုတွေ မကြာခဏလုပ်ဆောင်နေပြီး ကျေးရွာတွေအပေါ်ကိုလည်း လက်နက်ကြီး တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးဒဏ်ရာရရှိမှုတွေရှိနေပြီး လူဦးရေ ထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတာတွေလည်း ရှိနေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.