သထုံ၊ ဧပြီ(၁၅)

မွန်ပြည်နယ် သထုံမြို့နယ်အတွင်း သင်္ကြန်ကာလ အမျိုးသား ၂ ဦးအတူတူ ဆိုင်ကယ်မစီးကြဖို့ စစ်ကောင်စီက အမိန့်ထုတ်ထားပြီး စီးနင်းသူတွေကို ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်ဆောင်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီကပြုလုပ်တဲ့ သထုံလမ်းလျှောက်သင်္ကြန်မှာ ပြည်သူတွေမပါဝင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ သတိပေးပြီးနောက် စစ်ကောင်စီကအမျိုးသား ၂ ဦး ဆိုင်ကယ်အတူမစီးဖို့ အမိန့်ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

အမျိုးသား ၂ ဦး ဆိုင်ကယ်အတူမစီးဖို့ ထုတ်ပြန်ပြီးနောက် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေက ဒေသခံတွေကို ဖမ်းဆီးတာတွေ လုပ်ဆောင်နေသလို ပြည်သူ ၂၀ ထက်မနည်း ဖမ်းဆီးခံရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ အမျိုးသား ၂ ဦး ဆိုင်ကယ်အတူမစီးဖို့ လိုက်လံကြေညာရာမှာလည်း အရက်မူးပြီး မမောင်းဖို့၊ ဟွန်းသံအကျယ်ကြီးမတီးဖို့၊ အိတ်ဇောဖြုတ်မမောင်းဖို့၊ မြန်မာ့ယဉ်ကျေးမှုနဲ့မကိုက်ညီတဲ့ အဝတ်အစားတွေ (Sexy ဆန်တဲ့)အဝတ်တွေ မဝတ်ဖို့ တားမြစ်ထားတာပါ။

သထုံမြို့မှာတော့ စစ်ကောင်စီကျင်းပတဲ့ သင်္ကြန်မှာ ရေကစားသူ မရှိသလောက်နည်းပါးနေသလို တစ်မြို့လုံး ချောက်ကပ်နေကာ ရပ်ကွက်လမ်းတွေထဲမှာ ကလေးတွေရေကစားတာ အနည်းအကျဉ်းသာရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့ ညကလည်း ထောင်မှူးကျေးရွာအုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲခံရလို့ ရုံးအဆောက်အဦး ပျက်စီးခဲ့တာကြောင့် ညပိုင်းမှာ စစ်ကောင်စီဘက်က မြို့တွင်းရပ်ကွက်အချို့မှာ သေနတ်ပစ်ဖောက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.