ပုလော၊ ဧပြီ(၁၅)
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပုလောကုန်းကျေးရွာမှာ တပ်စွဲထား တဲ့ စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း ၁ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဧပြီ ၁၄ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ တပ်အင်အား ၃၀ လောက်နဲ့တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း နေရာကို ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်နီးပါးကြာ ဖြစ်ပွားခဲ့ပေမယ့် စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုင်နိုင်ခဲ့ခြင်းမရှိပါဘူး။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦးထက်မနည်း ထိခိုက်သူရှိခဲ့ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်သူမရှိဘူးလို့ သိရပါတယ်။
ပုလောကုန်းကျေးရွာမှာ မကြာခဏတိုက်ပွဲတွေဖြစ်နေလို့ ဒေသခံတွေ ထွက်ပြေးနေရတာဟာ တစ်လနီးပါးရှိနေပြီး နေရပ်ပြန်မလာနိုင်ကြသေးဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ ဝက်တိုးကျေးရွာနားမှာ တိုက်ပွဲဖြစ်နေချိန် စစ်ကောင်စီ ပုလောကုန်းစခန်းကနေ လက်နက်ကြီးပစ်ခတ်ခဲ့ရာ ကျေးရွာထဲကျပြီး ကလေးငယ် ၃ ဦးအပါအဝင် ၇ ဦးထိခိုက်ဒဏ်ရာရခဲ့သေးတာဖြစ်ပါတယ်။
ပုလောမြို့နယ်ကို စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေးကြေညာပြီးနောက်ပိုင်း တိုက်ပွဲတွေဖြစ်နေလို့ နေရပ်စွန့်ခွာထွက်ပြေးနေရသူ ၂၅၀၀၀ အထိ ရှိလာတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ