လိုင်ဇာ – ဧပြီ(၁၅)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ သူရဲဘောကြောင်တဲ့ လုပ်ရကပ်ဖြစ်တဲ့အတွက် ပြင်းထန်စွာ ရှုတ်ချတယ်လို့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဗဟိုကော်မတီက ဒီနေ့ဧပြီလ(၁၅) ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ပြည်သူတွေကို အကာအကွယ်ပြုရမယ့်အစား ရန်သူသဖွယ် အရပ်ဘက်၊ စစ်ဘက် မခွဲခြားဘဲ အကြောင်းအမျိုးမျိုးပြပြီး စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထုနေထိုင်တဲ့ ရပ်ရွာတွေ ကိုလူမဆန်စွာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဟာ အလွန်စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုခဲ့တာပါ။

အာဏာရှင်စနစ်ဆိုးကြီးက လွတ်မြောက်ဖို့ အမှန်တရားဘက်က ရပ်တည်ပြီး တိုင်းပြည်နဲ့ လူမျိုး အတွက် အသက်စတေးခဲ့ရတဲ့ ပုဂ္ဂိုလ်တွေကို လေးစားဂုဏစ်ပြုသလို စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်မှသာ မတရားအနိုင်ကျင့် ခြိမ်းခြောက်မှုတွေကနေ လွတ်မြောက်နိုင်မှာဖြစ်တယ်လို့ KIO ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပဇီကြီးကျေးရွာမှာ ပြီးခဲ့တဲ့ ဧပြီလ(၁၁) ရက်နေ့ မနက်ပိုင်းက ပြည်သူ့အုပ်ချုပ်ရေးရုံးဖွင့်ပွဲ အခမ်းအနား ကျင်းပနေချိန် စစ်ကောင်စီက တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား (၁၆၀) ကျော် အစုလိုက်အပြုံလိုက်သေဆုံးခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီကပဇီကြီး ကျေးရွာလေကြောင်းတိုက်ခိုက်မှုကို ဝန်ခံထားပြီး NUG ရဲ့ အနောက်ပိုင်းဌာနချုပ်အဖြစ် ဌာနချုပ်တည်ဆောက်ဖို့ လုပ်ဆောင်နေတာကြောင့် အကြမ်းဖက်ချေမှုန်းရေး စစ်ဆင်ရေး အဖြစ် ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ဝါဒဖြန့်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ကလည်း ကချင်ပြည်နယ် အနန့်ပါကျေးရွာမှာ ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO/KIA) ဖွဲ့စည်းခြင်း (၆၂) နှစ်ပြည့် တေးဂီတပွဲကျင်းပနေချိန် စစ်ကောင်စီ တိုက်လေယာဉ် တွေရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် KIA တပ်ဖွဲ့ဝင်တွေအပါအဝင် လူ(၁၀၀) ကျော်သေဆုံးခဲ့ဖူးပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.